Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၅)

...အာဏာရှင်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေ
အာဏာရှင်တွေက လုပ်ဖော်ကိုင်ဖက်တွေကို ရဲဘော်ရဲဘက်လို သဘောမထားဘူး။ သူတို့က တော်တဲ့လူကို အရမ်းကြောက်ကြတယ်။ ထက်ထက်မြက်မြက်ရှိတဲ့လူကို အရမ်းသတိထားတယ်။ ဒီလိုလူကို လက်တွေ့မဆန်တဲ့လူ၊ သူက ထောက်ခံချင်ပေမယ့် လူတွေမကြိုက်လို့ မလွဲမရှောင်သာ နေရာပလပ်ခံရသူ၊ မာန်မာနကြီးသူ၊ ပညာမဲ့လူတန်းစားကို စော်ကားတတ်သူ၊ အောက်ခြေလွတ်သူ၊ တစ်ခါတလေ ရန်သူသူလျှိုလို့ ပုံမှားရိုက်ပါတယ်။ သူ့သဘောထားတွေကို သိလို့ ခပ်ဝေးဝေးနေယင် တို့အဖွဲ့မှာ လူလိုနေတယ်။ ပညာတတ်တွေ ရှိယင် အရမ်းကောင်းပါတယ်။ ဒါပေမယ့် ပညာတတ်တွေက တို့နဲ့ သိပ်မလုပ်ချင်ဘူး ဒီလိုပြောပါတယ်။
သူနဲ့ ရင်းရင်းနှီးနှီးနေယင်လည်း အကွက်ဆင်ပြီး မသိမသာနှိမ်လေ့ရှိပါတယ်။ အကူအညီယူရမယ့်အချိန်မှာ မျက်ကွယ်မှာပဲ ယူပြီး အောင်ပွဲကျင်းပတဲ့အချိန်မှာ ကျေးဇူးရှင်ကို အသိပေးလေ့ မရှိပါဘူး။ လူသိထင်ရှားထောပနာပြုမှုတွေ မလုပ်ပါဘူး။ အဲဒီလူက အတွန့်တက်ယင် စိတ်ဓာတ်က အောက်တန်းကျတယ်၊ နာမည်ဂုဏ်သတင်းကို လိုချင်တယ်၊ အဖွဲ့စိတ်ဓာတ်မရှိဘူး ဒီလိုစွပ်စွဲလာပါလိမ့်မယ်။ တစ်ဖွဲ့လုံးရဲ့လုပ်အားကို အဖွဲ့အမည်ပဲ သုံးမယ်လို့ အသံပေးပြီး ကိုယ်ရည်ကိုယ်သွေးအားကောင်းတဲ့လူတွေ ပွဲထွက်လို့မရအောင် တားတတ်တယ်။ ကိုယ်ထူကိုယ်ထ လုပ်ယင်လည်း အဖွဲ့ကို စင်ပြိုင်ထူထောင်သူ၊ အဖွဲ့ကို အားခံသူ၊ အဖွဲ့ကို ဖြိုခွဲသူ ဒီလိုကင်းပွန်းတပ်ပြီး ၀မ်းချလေ့ရှိတယ်။ အမှန်မှာတော့ အာဏာရှင်တွေဟာ လူထုလုပ်အားကို ယူပြီး သူတစ်ယောက်ထဲရဲ့အောင်မြင်မှုလို့ ခံယူချင်တဲ့လူမို့လို့ အဖွဲ့နာမည်တပ်ပြီး လုပ်ပါတယ်။ ပြီးတော့ သူက စားပွဲထိပ်မှာ ထိုင်ပါတယ်။ လက်မှတ်ထိုးစရာရှိယင် သူပဲ ထိုးပါတယ်။ သူ့နာမည်ပဲ သမိုင်းဝင်ပါတယ်။

No comments: