...လူများတိုင်း ဒီမိုကရေစီလား
အခြေခံဥပဒေဆန္ဒခံယူပွဲမှာ မဲဆန္ဒ ၉၄%ရာခိုင်နှုန်းနဲ့ အတည်ပြုလိုက်ကြောင်း နအဖကျေညာတာ ကြားကြပါလိမ့်မယ်။ အာဏာရှင်တို့ရဲ့သရုပ်သကန်တွေထဲမှာ လူထုအများစုက သူတို့ကို ထောက်ခံနေကြပါကြောင်း ကမ္ဘာကြီးကို ဖြီးဖြန်းထားလေ့ရှိတယ်။ အချို့ဒီမိုကရေစီဆရာတွေကလည်း ကျွန်တော်တို့က ပြည်သူ့မဲနဲ့တက်လာကြတဲ့လူတွေပါပဲ၊ ဟိုကောင်တွေကို မှုစရာမလိုဘူး၊ အဖက်လုပ်စရာမလိုဘူး မာန်တက်ပြီး အောက်ခြေလွတ်နေလေ့ရှိတယ်။ လူထုထောက်ခံချိန်မှာ ဒါမှမဟုတ် မျက်လှည့်ပြလို့ရနေတဲ့အချိန်မှာ သူတို့က ဆန့်ကျင်ဘက်တွေကို အပြတ်ရှင်းလေ့ ရှိတယ်။ သူတို့က အခြေခံသဘောတရားတွေကို နားမလည်ကြဘူး။ နိုင်ငံရေးသမားတို့မည်သည်မှာ လိုအပ်ယင် ရန်သူနဲ့တောင် ဆွေးနွေးရပါတယ်။ အာဏာရှင်တို့ရဲ့သဘောသဘာဝကတော့ ဘယ်သူနဲ့မှ မဆွေးနွေးချင်ဘူး။ ငါတို့က အင်အားသာနေတာပဲ။ ငါတို့စကားကိုပဲ နားထောင်ရလိမ့်မယ်။ နားမထောင်ယင် ပညာပြမယ်။
ဒီမိုကရေစီနည်းအရ ရွေးကောက်ခံရတဲ့အစိုးရ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ လူနည်းစုကို စော်ကားမော်ကားပြုဖို့၊ လူနည်းစုကို အနိုင်ကျင့်ဖို့၊ အပြတ်ရှင်းဖို့ မဟုတ်ဘူး။ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ကျောသားရင်သားမခွဲခြားဘဲ တရားမျှတအောင် အုပ်ချုပ်နိုင်ဖို့ ပြည်သူတွေက မဲထည့်လိုက်တာပါ။ တိုင်းပြည်စိုးအုပ် မင်းလုပ်သူတွေအတွက် သူပုန်သူကန်တွေဆိုတာ အိမ်ကနေ ဆင်းသွားတဲ့ရင်သွေးများလိုပါပဲ။ သဘောထားအရမ်းကြီးရတယ်။
သဘောထားကြီးပုံကို သိချင်ယင် အိုဘားမားကို ကြည့်ပါ။ သူက မဲအပြတ်အသတ်နဲ့ ရွေးကောက်ပွဲကို နိုင်ပါတယ်။ ကွန်ဂရက်လွှတ်တော်မှာလည်း သူ့ပါတီအမတ်တွေက လူများစုပါ။ ရီပတ်ဘလီကင်တွေကို ဘေးချိတ်ပြီး လုပ်ချင်သလို လုပ်လို့ရနေတဲ့အခြေအနေမှာ ထင်ရာမစိုင်းဘူး။ အကြိုပွဲမှာ သူ့ကို ရှုံးတဲ့ဟယ်လာရီကို နိုင်ငံခြားရေးဝန်ကြီးနေရာပေးတယ်။ သမ္မတရွေးကောက်ပွဲမှာ သူ့ကို ရှုံးသွားတဲ့မက်ကိန်းနဲ့လည်း ဆွေးနွေးခဲ့သေးတယ်။ ရီပတ်ဘလီကင်တွေကိုလည်း အစိုးရရာထူးပေးတယ်။ မက်ကိန်းကို ထောက်ခံမိတဲ့ သူ့ပါတီထဲက ဂျိုးလိုင်ဘားမင်းကိုလည်း ခွင့်လွှတ်ပြီး နေမြဲအတိုင်းထားတယ်။ လူများစုအားနဲ့ လူနည်းစုကို အနိုင်မကျင့်တာဟာ ဒီမိုကရေစီပါ။ လူနည်းစုအသံကိုလည်း နားထောင်ပေးလေ့ ရှိပါတယ်။ ဘယ်ဗမာမှ ဘယ်မွန်ဘုရင်ကို မုန်းကွက်ရှာလို့မရတာကို ကြည့်ပါ။ ဘာကြောင့်လဲ။ မွန်ဘုရင်တွေက လူနည်းစုကို ဘယ်တုန်းကမှ အနိုင်မကျင့်ခဲ့လို့ပဲ။ ရှင်စောပုကို ကရင်ဘုရင်မကဲ့သို့ ကရင်တွေက သဘောထားကြပါတယ်။ ၁၇၅၇ ခုမှာ မွန်တွေမျိုးပြုတ်အသတ်ခံနေရတဲ့အချိန်မှာတောင် ကရင်၊ ချင်း၊ ၀လူနည်းစုတွေရဲ့ အသက်အိုးအိမ်တွေကို မထိပါးဖို့ မွန်ခေါင်းဆောင်တွေက တရားရေးမဏ္ဍိုင်မပြိုလဲအောင် ထိန်းနိုင်သေးတဲ့အထောက်အထားတွေ ရှိတယ်။
ဒီမိုကရေစီကျင့်စဉ်နဲ့ နေ့တဓူဝ ရင်းရင်းနှီးနှီးရှိနေတဲ့လူအချို့ဟာ လူများစုအားနဲ့ လူနည်းစုကို အနိုင်ကျင့်ကြတယ်။ ဒီမိုကရေစီနည်းကျတယ်လို့လည်း ထင်မြင်နေကြတယ်။ သူတို့မှာ တိုင်းပြည်အာဏာမရှိသေးဘူး။ ရှိများရှိယင် စစ်အစိုးရထက် ပိုကြောက်စရာကောင်းနေမှာ အမှန်ပါ။ ပြုပြင်သင့်တာရှိယင် ပြုပြင်ဖို့ပါ။ ဖိပြီးညီခိုင်းယင် ဘောလုံးတစ်လုံးကို ရေထဲဖိထားသလိုမျိုးပါ။ လက်လွှတ်သွားယင် ဘောလုံးက ပြန်ကန်ထွက်လာပါလိမ့်မယ်။ အာဏာရှင်အုပ်စိုးတဲ့တိုင်းပြည်မှာလည်း အဲလိုပါပဲ။ သူတို့ဦးဆောင်မှုအောက်မှာ တိုင်းပြည်က ညီညွတ်သယောင် ရှိပါတယ်။ သူတို့တည်ဆောက်ထားတဲ့ညီညွတ်မှုဟာ အမှန်အကန်မဟုတ်တဲ့အတွက် သူတို့သတိတစ်ချက်လက်လွှတ်သွားယင် ပေါက်ကွဲသံစဉ်ကို ခံစားစံစားရပါလိမ့်မယ်။ တူညီယူနီဖောင်းဝတ်ဆင်ထားရုံနဲ့ ညီညွတ်ခြင်းရဲ့အဓိပ္ပါယ်ကို မဖော်ဆောင်နိုင်ပါဘူး။
No comments:
Post a Comment