mostsaing
သံဖြူဇရပ်မှ အရိုးပါရဂူ
1983-ခုကပါ။
ရှင်မပြုခင် စာရေးသူ လက်ကျိုးရတယ်။ ကျိုးပုံမှာ မောင်နှများ တုံးစီးကြရင်း
ညီမလေး လိမ့်အကျ စာရေးသူက လှမ်းအဆွဲမှာ တံတောင်က ပြောင်းပြန်လွဲသွားရတယ်။
မိသားစုနဲ့
ညနေစာကို ဟန်မပျက် စားခဲ့ပေမဲ့ ညနက်တော့ ရောင်လာတယ်။ နိုးနေယင်
ငြီးသံမထွက် အိပ်မော်ကျယင်တော့ မခံသာလို့ထင်ပ ငိုသံထွက်တယ်။ အမေက
အမျိုးတစ်ယောက်အိမ် သွားပြီး ဘိန်းမည်း အနည်းငယ် ယူတယ်။ သူက ရွာမှာ
ဂျပန်ခေတ်ကတည်းက ဘိန်းကို သစ္စာရှိရှိ ရှုလာတယ့် ရွာသားတစ်ဦး ဖြစ်တယ်။
ဘိန်းရတော့ အမေက စာရေးသူကို နှိုးပြီး အနာပျောက်ဆေး သောက်ပါ လို့ ပြောတယ်။
ညအချိန်ဖြစ်လို့ ဘယ်ကရသလဲ မေးတော့ ဟိုအိမ်က ရတာလို့ အမေက ပြောတယ်။
ဘိန်းမှန်းသိတော့ စာရေးသူက မသောက်ခဲ့ဘူး။ ဒီဘဝမှာ အရက်၊ ထန်းရည်၊ ဘိန်း
လုံးဝမဝင်စေရလို့ အဓိဋ္ဌာန်ပြုထားခဲ့တာကိုး။
ဒီလိုပဲ အနာခံရင်း
မိုးစင်စင် လင်းခဲ့တယ်။ မိုးလင်းတော့ ဘယ်ဘက်လက်က ခြေသလုံးလောက်ကို
ရောင်နေပြီ။ လက်ချောင်းကလေးတွေ လုံးဝလှုပ်လို့ မရတော့ပါ။ ကံကောင်းလို့
ညတွင်းချင်းမှာ အမေက ဘယ်အိမ်က သတင်းရခဲ့လဲမသိ။ သံဖြူဇရပ်မှာ
အရိုးပါရဂူတစ်ဦး ရှိတယ်လို့ ဆိုတယ်။ သံဖြူဇရပ်ဆိုတာ ရထားစီးယင် တစ်ဘူတာပဲ။
သင်္ကြန်ကျခါနီးဖြစ်လို့ ရထားက ကြပ်တယ်။ ကံကောင်းလို့ ဆရာကြီးအိမ်နဲ့
သံဖြူဇရပ်ဘူတာ သိပ်မဝေးပါ။
လမ်းနာမည်ကိုတော့ မမှတ်မိတော့ပါ။
ဒါပေမယ့် ဆိုင်ပုဒ်ကိုတော့ မှတ်မိပါတယ်။ ဆရာကြီးဦးယူစွတ် (နာမည်မှန်)
ကုသိုလ်ဖြင့် ကုပေးသည် ဆိုပြီး ရေးထားတယ်။ မြန်မာစာ ဖတ်တတ်တယ့် စာရေးသူက
အမေကို လမ်းညွှန်ရပါတယ်။
အိမ်ရောက်တော့ ကလေးဘဝတုန်းက
ကစားဖော်ကစားဖက် ဖြစ်ခဲ့ပြီး တနယ်တကျေး ပြောင်းသွားတယ့်
သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ဘောလုံးကန်ရင်း ခြေတစ်ဖက်က
ရှည်ထွက်သွားလို့ ပြန်သွင်းနေရတယ်လို့ ဆိုပါတယ်။ ဆရာကြီးက သူ့ခြေထောက်ကို
ကိုင်တော့ နာလို့ သူအော်တယ်။
စာရေးသူ အလှည့်မှာ ဆရာကြီးက
ပြောပါတယ်။ တံတောင်ဆစ်မှာ အရိုးကျေသွားတယ်။ အခု သွေးပုပ်တွေ တည်နေတယ်။
သွေးပုပ်တွေ အရင်းထုပ်၊ အပူပေး၊ ပြီးမှ အရိုးကို ပြန်ဆက်ပေးမယ်လို့ ဆိုတယ်။
အရိုးဆက်တော့ စာရေးသူ ရုန်းမှာစိုးလို့ ဆရာကြီးဇနီးရော စာရေးသူတို့အမေပါ
စာရေးသူကို ချုပ်ထားကြပါတယ်။ အဲဒီလို လုပ်တာကို စာရေးသူက ရှက်လို့
ချုပ်စရာမလိုပါ၊ မရုန်းပါဘူး၊ ကတိပေးပါတယ်လို့ ပြောတော့ ချုပ်လက်က
ပြေလျှော့သွားတယ်။ လွှတ်တော့ မလွှတ်ပါ။
အရိုးဆက်တော့ နာပါတယ်။
ဒါပေမယ့် စာရေးသူ မတွန့်ပါဘူး။ ဆရာကြီးက အများကြီး ချီးကျူးပါတယ်။ စာရေးသူက
အနားယူနေတုန်း ဆရာကြီးဇနီးက အမေနဲ့ စကားပြောတယ်။ သူတို့က မွန်စကားကို
မွန်တွေထက် ပီအောင် ပြောနိုင်တာကို တွေ့ရတယ်။ မှတ်မိတာလေး ပြောပြရယင်
ဘုရားဆိုတာ တစ်ဆူထဲ ရှိတာပါ၊ ဘယ်ဘုရားမဆို အတူတူပါပဲ ဆိုတယ့်စကားပါ။
သူ့စကား ကြားတော့ အိမ်က ဓာတ်ပုံတွေကို သတိထားမိပါတယ်။ စာရေးသူ မမြင်ဖူးတယ့်
ဓာတ်ပုံတွေချည်းပါပဲ။ ဗလီပုံတွေပါ။
အမေကလည်း
သူ့သားအကြောင်းကို ကြွားဖြစ်အောင် ကြွားလိုက်ပါသေးတယ်။ ရှင်ပြုတော့မှာ
ဖြစ်ကြောင်း၊ ရှင်ပြုပြီးယင် ဆရာတော်က သူ့သားကို မြောင်းမြ ပို့မှာ
ဖြစ်ကြောင်း ပြောပြသံကြားရတယ်။ ဆရာကြီးဇနီးကလည်း ကောင်းတာပေါ့ဆိုပြီး
ထောက်ခံသံ ကြားရတယ်။ နောက်ရက်အနည်းငယ်မှာ လက်က သက်သာလာပါတယ်။ ရှင်ပြုပွဲအမီ
ပြန်ကောင်းခဲ့တယ်။ ရှင်ပြုပွဲမတိုင်ခင် သက်ကြီးများကို ကန်တော့ရလေ့ရှိရာ
ဆရာကြီးကိုလည်း သွားရောက်ကန်တော့ခဲ့တယ်။ ဆရာကြီးက ဗုဒ္ဓဘာသာထုံးစံအတိုင်းပဲ
ဆုပေးခဲ့ပုံကို ပြန်မြင်ယောင်နေမိတယ်။
သံဖြူဇရပ်ဇာတိ မုဒုံလက်ထောက်မန်နေဂျာ
၈၈
အရေးအခင်းပြီးတော့ ၁၉၉၀ နောက်ပိုင်းမှာ အနည်းငယ် ငြိမ်ဝပ်ပိပြားသွားပါတယ်။
စစ်အုပ်ချုပ်ရေးအစွမ်းပြတယ့်အချိန်၊ စစ်အာဏာ အစွမ်းထက်တယ့်အချိန်ပါ။
စာရေးသူတို့ လက်ဦးဆရာက နိုင်ငံရေးကို စိတ်ပါဝင်စားသူပါ။ အရေးအခင်းကြောင့်
ဆရာတော်က နယ်စပ်ကို ထွက်သွားတော့ နောက်ဘုန်းကြီး တက်လာပါတယ်။ သူက
နိုင်ငံရေးအကြောင်း ပြောပေမယ့် နိုင်ငံရေးတော့ မလုပ်ပါ။
တခါမှာ
ကျောင်းဆောက်ဖို့ အခက်အခဲ ရှိလို့ သူက စစ်အစိုရဆီမှာ သစ်၊ သံ၊ ဘိလပ်မြေ
လျှောက်ထားခဲ့တယ်။ လျှောက်ထားမှန်းလည်း စာရေးသူ မသိပါ။ တစ်နေ့ကျတော့
စာရေးသူ အခန်းတံခါးကို မျက်နှာစိမ်းတစ်ယောက် လာခေါက်တယ်။ ဖွင့်ကြည့်တော့
ကုလားတစ်ယောက် ဖြစ်နေတာကို တွေ့ရတယ်။ တပည့်တော် မုဒုံက လက်ထောက်မန်နေဂျာပါ၊
အရှင်ဘုရားတို့ လျှောက်ထားတယ့် ဘိလပ်မြေ ကျပြီလို့ ပြောတယ်။ ဟ ဒီကျောင်း
အဲဒီလို မလျှောက်ပါဘူး ပြောတော့ သေချာမေးကြည့်ပါဦးတဲ့။
ဆရာတော်ကို
သွားမေးကြည့်တော့ လျှောက်ထားတာ ဟုတ်မှန်ကြောင်း၊ အခု လျှောက်လွှာကျလာလို့
သူ ဝမ်းသာကြောင်း မိန့်တယ်။ လက်ထောက်မန်နေဂျာကို လက်ဖက်ရည်ဖိုး (၂၅)ကျပ်
ပေးတယ်။ စာရေးသူက ဘာမှ မပြော။ ဆိတ်ဆိတ်သာ နေတယ်။ ဒါပေမယ့်
နေ့ဆွမ်းစားပြီးခါစဖြစ်တော့ ဒီဒကာလည်း ထမင်းစားခဲ့ပြီလား တွေးမိလို့ ဒကာ
ထမင်းစားပြီးပြီလား မေးမိတယ်။ မစားရသေးဘူးဘုရား ဆိုတော့ ကိုင်း ဒါဆို
ဆွမ်းစားကျောင်းကို လာခဲ့၊ ထမင်းစားပြီးမှ ပြန်ပါ ဆိုလိုက်တယ်။
ဤတွင်
သူက ဆရာတော်ကို လျှောက်ထားလိုက်တယ်။ လျှောက်လွှာတော့ ကျပြီဘုရား၊ ဒါပေမယ့်
နောက်ကျယင် မရဘဲ ဖြစ်နေမှာစိုးလို့ ဆရာတော်ကိုယ်တိုင် တပည့်တော်နဲ့အတူ
တခါထဲ ကြွပြီး လက်မှတ်ထိုးခဲ့ယင် ကောင်းမယ်လို့ ဆိုတယ်။ ဆရာတော်ကလည်း
ဘိလပ်မြေရလိုဇောနဲ့ ဟဲ့ မောင်ရာဝိက မင်းကြွခဲ့ပါ ဆိုပြီး
တစ်ခွန်းလွှတ်အမိန့် ချခဲ့တယ်။ စာရေးသူလည်း မငြင်းသာလို့ လိုက်သွားရတယ်။
လမ်းမှာ
သူက မုဒုံသမဝါယမမှာ ဘိလပ်မြေခိုးရောင်းဖို့ ရှိကြောင်း၊ စရံငွေ
ပေးနိုင်ယင် အိတ်တစ်ရာလောက် သူ လုပ်ပေးနိုင်ကြောင်း ပြောတယ်။ စာရေးသူက
အခုလာတာ လက်မှတ်ထိုးဖို့ ဖြစ်လို့ ကျန်တယ့်ကိစ္စ စိတ်မဝင်စားကြောင်း သူ့ကို
ပြောပြတယ်။ နောက် သူက လက်မှတ်ထိုးဖို့ လက်ဖက်ရည်ဖိုး ပေးရဦးမှာဖြစ်ကြောင်း
ပြောပြန်တယ်။ ဆရာတော်က ဒကာကို ပေးခဲ့ပြီ၊ ဦးဇင်းမှာ လမ်းစရိတ်ကလွဲပြီး
ဘာမှ ပါမလာပါလို့ ပြန်ပြောတယ်။
ကားလာတော့ သူက ခေါင်းမိုးပေါ်
စီးချင်တယ်လို့ ပြောတယ်။ ကားက ချောင်နေတာပဲ၊ အထဲဝင်စီးပါ၊ စကားပြောလို့
ရတာပေါ့လို့ စာရေးသူက ပြောတယ်။ ကားစီးရင်းနဲ့ သူ့ကို အကဲခတ်မိတယ်။
သူ့ခြေချောင်းတွေက ညစ်ပတ်နေတယ်၊ စီးထားတယ့်ဖိနပ်က သန့်သန့်ပြန့်ပြန့်
မဟုတ်၊ လက်ချောင်းများကို ကြည့်ယင်လည်း ဖောင်တိန်ကိုင်တယ့်လက် မဟုတ်။
အမူအရာအသွင်အပြင်ကို ကြည့်တော့လည်း မန်နေဂျာနဲ့ တူတာ တစ်စက်မှမရှိ။
ကားခေါင်းမိုးပေါ် စီးချင်ကတည်းက သံသယဝင်ဖို့ ကောင်းနေပြီ။ ဒါပေမယ့်
ဒီလူဇာတိရုပ်အမှန်ကို ငါစုံစမ်းအံ့ ဆိုပြီး မသိမသာ လိုက်သွားမိတယ်။
မုဒုံရောက်တော့
မြို့နယ်အုပ်ချုပ်ရေးမှူးရုံကိုလည်း မသွား၊ သမဝါယမရုံးကိုလည်း မရောက်၊
လမ်းမကြီးအတိုင်း သူ လျှောက်နေတယ်။ ဘီအိုစီ နားရောက်တော့ အရှင်ဘုရား ဒီမှာ
စောင့်နေပါ၊ လျှောက်လွှာကျတယ်ဆိုပေမယ့် ပြည်နယ်ကနေ ကျတာပါ၊ မြို့နယ်ကို
မရောက်သေးဘူး။ တပည့်တော် မန်နေဂျာ သွားခေါ်ပါ့မယ်၊ ပြီးယင် မော်လမြိုင်ကို
တန်းသွားပါ့မယ်တဲ့ သူက ပြောပါတယ်။ အခု ညနေ(၃)နာရီထိုးနေပြီ၊ မော်လမြိုင်ကို
ရုံးချိန်အရောက် သွားနိုင်ပါ့မလားလို့ မမေးတော့ဘဲ အချိန်မရှိတော့လို့
လူမခွဲပါနဲ့၊ လူစုကွဲယင် အချိန်ပိုပုပ်တယ်၊ မန်နေဂျာအိမ်ကို
အတူသွားကြတာပေါ့လို့ စာရေးသူက ပြောတယ်။
အရှင်ဘုရားက
တပည့်တော်ကို မယုံဘူးလားလို့ သူက မေးတယ်။ မယုံဘူးဆိုတယ့်စကား ဦးဇင်း
မပြောပါ၊ အခု ဒကာပဲ ပြောတာပါ၊ ဒကာ ကတိပေးထားတယ့်အလုပ်ကိုပဲ ပြီးအောင်
လုပ်ပေးပါ လို့ သူ့ကို ပြောတယ်။ ဒါဖြင့်ယင်လည်း လိုက်ခဲ့တဲ့။
လမ်းမကြီးအတိုင်း လျှောက်ရင်း ရွှေဟသာင်္ဈေးမရောက်ခင် သူက ပြန်ပြောလာတယ်။
အရှင်ဘုရား မန်နေဂျာက မူစလင်ဘာသာဝင်ပါ၊ ဘုန်းကြီး အိမ်ကြွတာကို မကြိုက်ပါ၊
အရှင်ဘုရား ဒီမှာပဲ စောင့်နေပါတဲ့။ ဒကာ ဒီမှာ မန်နေဂျာလုပ်ယင်
ဘုန်းကြီးတွေနဲ့ ဆက်ဆံရမှာပဲ၊ ဘုန်းကြီးတွေနဲ့ မဆက်ဆံချင်ယင် မန်နေဂျာ
မလုပ်ပါနဲ့တော့လို့ ပြန်ပက်တယ်။ ပြောလက်စနဲ့ ဒကာ့မန်နေဂျာအိမ်က ဘယ်မလဲလို့
မေးတယ်။ စာစင်မှာပါတဲ့။
ဒီလိုနဲ့ လမ်းလျှောက်သွားရာ စာစင်ကို
ကျော်ချေပြီ။ ဒကာ စာစင်ကို ကျော်နေပြီ၊ မဝင်ဘူးလားလို့ စာရေးသူက သူ့ကို
မေးတယ်။ အရှင်ဘုရားက ခေါင်းမာတယ်၊ အရှင်ဘုရားက တပည့်တော်ကို မယုံသလို
ဖြစ်နေတယ်၊ ဆရာတော်ပေးတယ့် လက်ဖက်ရည်ဖိုးကို အရှင်ဘုရား ပြန်ယူပါ၊
အရှင်ဘုရားနဲ့ တပည့်တော် ဒီမှာပဲ လမ်းခွဲတော့မယ်လို့ သူက ပြောပါတယ်။
ပိုက်ဆံကို ဦးဇင်း ပေးခဲ့တာမဟုတ်လို့ ဦးဇင်းနဲ့ မဆိုင်ပါ၊ ဆိုင်စရာရှိယင်
ဒကာမှတ်ပုံတင် ကြည့်ချင်ပါတယ်လို့ ပြောလိုက်တယ်။ မှတ်ပုံတင် တောင်းတော့
သူက လေသံပြန်ပျော့သွားတယ်။ မန်နေဂျာမှာ အိမ်နှစ်လုံးရှိကြောင်း၊
(၃)နာရီနောက်ပိုင်းမှာ သဲအင်းဂူနားက အိမ်မှာ အနားယူတတ်လို့ အဲဒီကို သွားမှ
တွေ့နိုင်မှာ ဖြစ်ကြောင်း သူက ရှင်းပြတယ်။ စာရေးသူကလည်း ဒီလူက
လူလိမ်လူညာဆိုတာ သေချာသလောက် ဖြစ်နေပြီမို့ ဘေးနားက ဆိုက္ကားဆရာတွေကို
ပြောပြရမလား စဉ်းစားနေမိတယ်။ ဆိုက္ကားဆရာဆိုယင် မလွယ်ဘူး၊
လက်လွန်ခြေလွန်ဖြစ်ကုန်မှာစိုးရတယ်။ မတော်တဆ သေသွားယင် ငါတော့
ရဟန်းဘဝဆုံးပြီလို့ တွေးမိလို့ ဖြစ်တယ်။
ရဲတွေကို ရှာတယ်။
မတွေ့ပါ။ ဒါပေမယ့် မုဒုံအထွတ် သဲအင်းဂူမရောက်ခင်မှာ ဘီးခွန်တစ်နေရာရှိတယ်။
အဲဒီမှာ ရဲတွေ ရှိလောက်တယ်ဆိုပြီး စိတ်အေးသွားတယ်။
မုဒုံအပြင်ဘက်ရောက်သွားလို့ကတော့ ဒီလူ ပြေးပြီလို့ တွက်ထားမိလို့ ဖြစ်တယ်။
ကံကောင်းထောက်မစွာ ဘီးခွန်ဂိတ်မှာ ရဲတစ်ယောက်ကို တွေ့ရတယ်။ ဒကာရေ ဒီလူကို
မသကာင်္လို့ မေးကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရဲသားကလည်း ဟေ့လူ ဒီထဲ
ဝင်ဦးဆိုတော့ သူက မျက်စိမျက်နှာပျက်ပြီး ဝင်လာပါတယ်။ စာရေးသူက
ဖြစ်ကြောင်းကုန်စင်ကို ပြောပြတယ်။ ရဲက စိတ်ဆိုးပြီး သူ့ရဲဝတ်စုံကို ဝတ်တယ်၊
ပြီးတော့ ဘေးနားမှာ ရှိတယ့် (၂)လက်မတုတ်တစ်ချောင်းနဲ့ ကုလားကို
ရိုက်တော့တယ်။ ဘုန်းကြီးကို စော်ကားတယ့်ကောင် ဆိုပြီး နာနာရိုက်တယ်။ ကုလားက
ကျွန်တော် ဗုဒ္ဓဘာသာပါလို့ အော်ငိုပါတယ်။ ရဲသားက ဆိုက္ကားဆရာထက်
ဆိုးနေမှာစိုးလို့ စာရေးသူက မရိုက်ဖို့ တောင်းပန်တယ်။ ဥပဒေအတိုင်းပဲ
အရေးယူပေးဖို့ တိုင်ချက်ရေးပြီး ပြန်ခဲ့တယ်။ ဆရာတော်ပေးတယ့်
လက်ဖက်ရည်ဖိုးကို ဝိနည်းတော်အရ မယူကောင်းလို့ မယူတော့ပါ။ မကြာပါ။ ကုလားများ
ဘယ်ကနေ စုလာကြလဲမသိ။ ဘာဖြစ်လဲ၊ ဘာပါသွားလဲမေးကြတယ်။ အော် ဒါလေးများ
အရေးတကြီး ဖြစ်နေရလို့ နည်းနည်း ရှင်းလိုက်ယင် ရပါတယ် ဘာညာကွိကွ
ဝင်ပြောကြပါတယ်။
မြို့ရွှေမြိုင်မှာ တွေ့ရတယ့် သားပျောက်ရှာသူ
1986
- ခုမှာ စာရေးသူက မြောင်းမြမရောက်ဘဲ မော်လမြိုင်ရောက်နေခဲ့ပြီ။
နေတယ့်စာသင်တိုက်က စည်းကမ်းကြီးလို့ ဆွမ်းခံချိန်ကလွဲပြီး မြို့ထဲဝင်ခွင့်
မပေးပါဘူး။ နေတာက တောင်ပေါ်ကျောင်းဆိုတော့ ဥပုသ်နေ့မှာ နာဂဝီသတောင်ပေါ်မှာ
လမ်းလျှောက်ခွင့်တော့ ပေးပါတယ်။ တစ်နေ့ကျတော့ ရှုခင်းသာမှာ လေညင်းခံရင်း
မော်လမြိုင်မြို့ရှုခင်းကို ခံစားနေချိန်မှာ ဘေးနားမှာ ဘုန်းကြီးတစ်ပါး
လာရပ်တာကို သတိထားမိတယ်။ သူနဲ့ တစ်ခွန်းနှစ်ခွန်းလောက် ပြောရုံနဲ့ ဗမာသံက
ဝဲနေလို့ မွန်တွေလားလို့ သူ မေးပါတယ်။ မွန်ကိုရင်တွေ ဖြစ်ကြောင်း ပြောတော့
သူ့သားကလည်း မွန်ဖြစ်ကြောင်း ပြောပြတယ်။ သူက အစမှာ မူစလင်ဘာသာဝင်
ဖြစ်ခဲ့ပြီး နောက်မှ သံဝေဂရကာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာခဲ့ကြောင်း၊
ပဲခူးမှ မွန်ကလေးတစ်ယောက်ကို မွေးစားခဲ့ကြောင်း၊ သူ့သား ပျောက်လို့
လိုက်ရှာနေကြောင်း၊ စစ်သားစုဆောင်းရေးက ခေါ်သွားတာဖြစ်လို့
နယ်စုံလိုက်ရှာနေတာ အခု (၅)နှစ်ရှိပြီဖြစ်ကြောင်း ပြောပြတယ်။ သူ့မိဘတွေက
မုဒုံက ဖြစ်ကြောင်း၊ အခု သူလည်း မွန်ပြည်နယ်မှာ တာဝန်ကျနေကြောင်း ကြားရလို့
လာရကြောင်း စိတ်ပါလက်ပါနဲ့ ပြောပြတယ်။ တွေ့ခဲ့ပြီလားလို့ စာရေးသူတို့က
မေးကြတယ်။ မတွေ့ခဲ့ဘူး။ ဝဲကလိစစ်စခန်းကို ရောက်ခဲ့တယ်။ မရှိဘူးလို့ သူတို့
ပြောလို့ အခြားနေရာ သွားရဦးမယ်လို့ သူက ပြောပြတယ်။ စာရေးသူတို့က သူ့သား
လူ့လောကမှာ ရှိမှရှိပါသေးရဲ့လားလို့ တွေးပူနေမိတယ်။ နောက်ပြီး သူ့သားက
သူ့မိဘကို မသတ်မိစေနဲ့လို့ ဆုတောင်းနေမိတယ်။
မြို့ရွှေမြိုင်မှ အဏ္ဏဝါခရီးသည်
1998
ခုမှာ စာရေးသူက ရန်ကုန်ရောက်ခဲ့တယ်။ ကထိန်ရာသီမှာ အဆောင်ပိတ်လို့ မုဒုံကို
ပြန်ရတယ်။ မော်လမြိုင်မှာ အဏ္ဏဝါယဉ်ကို စီးရတယ်။ အဏ္ဏဝါလိုင်းက
ကားခဈေးချိုလို့ စာရေးသူတို့လို ချွေတာရသူများ စီးကြပါတယ်။ မော်လမြိုင်နဲ့
ကျိုက္ခမီ ပြေးဆွဲတယ်။ ရှားရှားပါးပါး အချိန်မှန်တယ့် လိုင်းကားပါ။
စာရေးသူတို့ရွာကတ္တရာလမ်းဘေးက အလုပ်သမားတွေအတွက် အဏ္ဏဝါကားလာချိန်ကို
နာရီလက်တံလို သဘောထားကြတယ်။ အဏ္ဏဝါက မော်လမြိုင်ကို တက်ပြီဆိုယင် ဒါက
(၃)နာဍီရှိပြီပေါ့။
စာရေးသူလည်း ဒီတစ်ခါ လမ်းစရိတ်ကို
ချွေတာချင်လို့ အဏ္ဏဝါကို စီးပါတယ်။ စောစောစီးစီးဆိုတော့ ထိုင်ခုံရပါတယ်။
ဘေးနားက မွန်ဒကာမတစ်ယောက်လည်း ထိုင်ခုံရပါတယ်။ ကားထွက်ခါနီးအချိန်မှာ
အပြာရောင်အင်ကျီနဲ့ ကုလားတစ်ယောက် တက်လာတယ်။ သူက ကားကို
တစ်ချက်ဝေ့ကြည့်ပြီး အပုံရတယ့် မွန်အမျိုးသမီးကြီးဆီကို တန်းလာပါတယ်။
အနားရောက်တော့ အဲဒီမွန်အမျိုးသမီးကို ထခိုင်းပါတယ်။ ဟိုဒကာမက ဘုမသိဘမသိနဲ့
ထပေးလိုက်တယ်။ လစ်လပ်သွားတယ့်ခုံမှာ အာဂကုလားက ဝင်ထိုင်ပါတယ်။
စာရေးသူက
ဒကာမကို မွန်ဘာသာနဲ့ မေးတယ်။ သူ့ထိုင်ခုံဖြစ်ကြောင်း သေချာလို့
အဆိုပါကုလားနဲ့ စကားပြောရတယ်။ ဒကာ ဒီထိုင်ခုံမှာ ဒီဒကာမ ထိုင်နေခဲ့တာ
တစ်နာရီလောက် ရှိပြီ၊ သူ့ ထိုင်ခုံ သူ့ပြန်ပေးပါလို့ ကောင်းကောင်းပြောတယ်။
ဒါ ဘုန်းကြီးအလုပ်မဟုတ်ဘူး၊ လူတွေကိစ္စပါတဲ့ ပြောပုံက။ ငါ့အလုပ် ငါသိတယ်၊
မတရားတာကို တရားအောင် လုပ်ရမှာက ငါ့အလုပ်ပါ၊ ခင်ဗျား ထမလား မထဘူးလား
တစ်ခွန်းပဲ ပြောပါလို့ စာရေးသူက ခပ်မာမာ ပြန်ပြောပါတယ်။ ဘုန်းကြီး
ပြဿနာဖြစ်ချင်လားတဲ့ သူက ခြိမ်းခြောက်ပါတယ်။ ဒီစကား ခင်ဗျားကို
ကျုပ်မေးရမှာ၊ ခင်ဗျားကို ကားပေါ်က တွန်းချရမလားလို့ ပြန်မေးတော့ သူက
နည်းနည်းရှိန်သွားတယ်။
ဘေးနားက မွန်နဲ့ဗမာတွေပဲ ရှိကြတယ်။ ရှိတယ့်ကုလားက သူတစ်ယောက်ထဲရယ်။
သူက
ထိုင်ခုံကနေ ထပေးခဲ့တယ်။ ဖားအောက်ရောက်တော့ ဆင်းသွားတယ်။ ဖားအောက်ဆိုတာ
မွန်ရွာကြီးပါ။ သူတို့က လူဦးရေအရဆိုယင် ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။
ရန်ကုန်မှာ ဟာဂျီ
စာရေးသူ
ရေးဖူးပါတယ်။ ၁၉၉၇ ခုမှာ ဘုန်းကြီးနဲ့ကုလား အရေးအခင်း ဖြစ်ပါတယ်။
စာရေးသူတို့သာသနာ့တက္ကသိုလ်မှာ ကုလားကုမ္ပဏီက ဆေးသုတ်ဖို့ ကန်ထရိုက်ရခဲ့တယ်။
ဆေးသုတ်ရင်း ရေပုံဘိုင်မှာ ၇၈၆ သွားရေးတာကိုး။ ကမ္ဘာအေးမှ ၇၈၆ ရေးရကောင်းလား
ဆိုပြီး စာသင်သားတွေ ဒေါပွကြတယ်။ ပေါက်ကွဲလုမတတ်ပေါ့။ ကံဆိုးချင်တော့
ဆွမ်းခံတယ့်ကိုရင်တစ်ပါးကို ကမ္ဘာအေးရှေ့မှာ ကုလားက ပါးရိုက်သတဲ့။
ဟုတ်တယ်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုန်းကြီးတွေကို ထိန်းလို့မရတော့ဘူး။
အဓိကရုဏ်းက တစ်နိုင်ငံလုံး ပြန့်သွားတော့ အဲဒီနှစ် ပထမပြန် စာမေးပွဲတောင် ပိတ်လိုက်ရတယ်ထင်တယ်။
ဒီအချိန်မှာ
စာရေးသူက ရောင်နီထွန်းကားစီးလို့ မုဒုံကို ပြန်လာတယ်။ လက်မှတ်ရောင်းက
စာရေးသူကို ဟာဂျီတစ်ယောက်နဲ့ တွဲရောင်းမိတယ်။ လူတွေက ပြဿနာတော့
တက်တော့မပဲဆိုပြီး နေရာချင်းလဲဖို့ စပယ်ယာကို ဝိုင်းပြောကြတယ်။ စာရေးသူက
အတူထိုင်လို့ အဆင်ပြေလားလို့ ဟာဂျီကို မေးပါတယ်။ ရပါတယ်လို့ သူက ပြောတော့
ဒါဆို ဒို့အတူ ထိုင်ကြမယ်၊ ဘာသာရေးခေါင်းဆောင်အချင်းချင်း ရန်ဖြစ်နေကြယင်
ထမင်းအိုးကွဲတယ့်ကိန်းနဲ့ တိုးမယ်လို့ သူ့ကို နောက်လိုက်သေးတယ်။ ညလုံးပေါက်
ဘာသာရေးအကြောင်း ဆွေးနွေးခဲ့ကြတယ်။ လူတွေနားလည်မှာစိုးလို့ အင်္ဂလိပ်လိုပဲ
ပြောကြတာ များတယ်။ နောက်ဆုံးတော့ သူက ဘုန်းကြီးတွေအားလုံး အစ္စလာမ်ဘာသာကို
အရှင်ဘုရားလို နားလည်ယင် ဘယ်လောက်ကောင်းမလဲလို့ ပြောတယ်။ စာရေးသူကလည်း
သူ့ကို ပြောတယ်။ ဒကာလိုပဲ အမြင်ကျယ်ပြီး မျှမျှတတစဉ်းစားတတ်တယ့် မူစလင်တွေ
များလာယင် ကောင်းမှာပဲဆိုတော့ သူက ခေါင်းညိတ်ပါတယ်။
ဘာပဲဖြစ်ဖြစ်
မတူညီတာကို ဘေးဖယ်ပြီး တူညီတာကို ပေါင်းစုနိုင်မှပဲ ဒီကမ္ဘာကြီးက
ငြိမ်းချမ်းနိုင်မှာပါ။ အရှေ့တောင်အာရှက မူစလင်တွေနဲ့ အာရပ်ကမ္ဘာက မူစလင်တွေ
လုံးဝကို ကွာခြားပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့
ရောရောနှောနှော နေရင်းနဲ့ သူတို့က မသိမသာ ပြောင်းလဲလာတယ့်သဘောပါ။
ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်း သူတို့ဆီက ဘာတွေ
အတုယူလို့ရနိုင်မလဲ စဉ်းစားစေချင်တယ်။
ရန်ကုန်မှ လမ်းသရဲ (၂)ယောက်
ရန်ကုန်ဘယ်မြို့နယ်ကလည်း
မမေးပါနဲ့။ တမင်ထိမ်ချန်ချင်လို့ပါ။ စာရေးသူက ရွာက
ဆယ်တန်းဆက်တိုက်ကျနေတယ့် ကျောင်းသားကျောင်းသားအချို့ကို ရန်ကုန်မှာ
ကျူရှင်လာတက်ခိုင်းလေ့ ရှိပါတယ်။ ကျောင်းသားများဆိုယင် ဘုန်းကြီးကျောင်းမှာ
ထားပါတယ်။ ကျောင်းသူများဆိုယင် အသိအိမ်မှာ လခပေးပြီး နေစေရပါတယ်။
တစ်ခါမှာ
ကျောင်းသူတစ်ယောက်က စာရေးသူကို တိုင်တယ်။ ကုလား(၂)ယောက်က သူ့နောက်ကို
လိုက်နေတယ်ဆိုပဲ။ မကြိုက်ကြောင်း၊ စာမေးပွဲအတွက် ကျူရှင်လာတက်တာ ဖြစ်လို့
မနှောင့်ယှက်စေချင်ကြောင်း ပြောတော့လည်း မရဘူးဆိုပဲ။ အိမ်က လူကြီးတွေကို
ပြောပြထားသင့်တယ်လို့ ပြောပြခိုင်းတယ်။ အိမ်ပိုင်ရှင်က မနှောင့်ယှက်ဖို့
ကုလား(၂)ယောက်ကို ကောင်းကောင်းမွန်မွန် ပြောတယ်။ ဒါပေမယ့် တစ်ခါမှာ
ခြံဝင်းထဲအထိ ကုလား(၂)ယောက်က တိုးဝင်လာပါတယ်။ အိမ်ပိုင်ရှင်က အေးအေးဆေးဆေး
ဖြေရှင်းလို့ ရတော့မယ့်ဟန်မပေါ်လို့ ရယကရုံးကို သွားတိုင်တယ်။
တိုင်တော့လည်း ကုလား(၂)ယောက်က ရောက်လာတုန်းပါပဲ။ နှောင့်ယှက်လို့ ကောင်းတုန်းပါပဲ။
နောက်ဆုံးမှာ
အိမ်ပိုင်ရှင်က စာရေးသူကို အကူအညီ တောင်းရတယ်။ စာရေးသူလည်း မလွဲမရှောင်သာ
အဲဒီရယကရုံးကို သွားရတယ်။ ရုံးကို ဝင်ပြီး ရကယဥက္ကဋ္ဌကို ရှာတယ်။ သူက
သူ့အခန်းမှာ အခန့်သင့် ထိုင်နေတယ်။ ဦးဇင်း ဘာကိစ္စလဲလို့ မေးတယ်။ ဒကာ
ဦးဇင်း ပြောရမှာ နည်းနည်းအားနာတယ်၊ ဒါပေမယ့် ပြောခွင့်ပြုပါ၊ ဒီရပ်ကွက်မှာ
ဦးဇင်းတပည့်တွေ နေပါတယ်၊ ကုလား(၂)ယောက်က နှောင့်ယှက်နေလို့
သူတို့စာမေးပွဲကို မထိခိုက်စေလိုပါလို့ ပြောရတယ်။ အရှင်ဘုရားက ဘယ်ကလဲ၊
ဘာလုပ်နေလဲ၊ အခု ဘာသဘောနဲ့ လာတာလဲ ဆိုပြီး အရင်းစစ်မေးပါတယ်။
မကြာပါဘူး။
အသက်ခပ်ကြီးကြီး ကုလားတစ်ယောက် ဝင်လာပါတယ်။ ဘာတွေ ပြောနေကြလဲလို့ သူက
မေးတော့ ဟိုကလေး(၂)ယောက်အကြောင်းပဲလို့ ဥက္ကဋ္ဌက ပြောတော့ အော်
လူငယ်တွေကိစ္စပဲတဲ့။ ကုလားလည်း ရယကအဖွဲ့မှာ ပါသတဲ့၊ ကုလားလူငယ်(၂)ယောက်ထဲက
တစ်ယောက်ရဲ့ ဦးလေးတော်သူဆိုပဲ။
လူငယ်တွေကိစ္စဆိုပေမယ့်
မိန်းကလေးဘက်က မကြိုက်ယင် မနှောင့်ယှက်ဖို့ လိုပါတယ်၊ နောက်ပြီး
အိမ်တိုင်ယာရောက် နှောင့်ယှက်တာဟာ ဥပဒေမဲ့တယ့်လုပ်ရပ်ပါလို့ ပြောတော့
လူငယ်တွေဆိုတော့ အရှင်ဘုရား သည်းခံပါတဲ့။ ဆက်ပြီး နှောင့်ယှက်နေယင်
သည်းမခံနိုင်ပါလို့ ပြန်ဖြေတယ်။ အရှင်ဘုရားမှာ ဘာအစွမ်းအစရှိသလဲတဲ့ဗျာ
ဥက္ကဋ္ဌက လေသံခပ်မာမာနဲ့ ပြန်ဟောက်တယ်။ ဒကာကြီးက ကုလားကို
လျှော့တွက်လွန်းနေတယ်၊ တစ်ခုခု ဖြစ်ယင် ဒကာကြီး တာဝန်ယူနိုင်မလားလို့
သူ့ကို မေးတော့ ဒို့စစ်အစိုးရက ဘယ်သူ့ကိုမှ လျှော့မတွက်ဘူး၊ ကုလားကိုလည်း
လျှော့မတွက်ဘူး၊ တိုင်းရင်းသားတွေကိုလည်း လျှော့မတွက်ဘူး၊ ဘယ်ကောင်ကိုမှ
လျှော့မတွက်ဘူးသတဲ့ဗျား။ (မယုံမရှိပါနဲ့)
စာရေးသူကလည်း
ခပ်ပြတ်ပြတ်ပဲ။ ဒါဆိုလည်း အဲဒီကုလား(၂)ယောက်က ကျုပ်တပည့်တွေကို ဆက်ပြီး
နှောင့်ယှက်နေယင် ဘာပဲဖြစ်လာလာ ခင်ဗျားတာဝန်ပဲလို့ ပြောပြီး ပြန်ကြွခဲ့တယ်။
ကံကောင်းလို့ အဲဒီကုလား(၂)ယောက်လည်း ကျုပ်တပည့်တွေနဲ့
ဝေးဝေးရှောင်ရပါတော့တယ်။
ဘာကြောင့်ရေးရလဲ
ဒီစာကို
ရေးခြင်းမှာ ကုလားများကို သာစေ၊ နာစေ ရေးလိုရင်းမဟုတ်။ သဘောသဘာဝကို
ရေးခြင်းဖြစ်တယ်။ မိန်းကလေးကို နှောင့်ယှက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများကို
ကုရ်အမ်ကျမ်းစာကလည်း ခွင့်မပြုပါဘူး။ ဒါပေမယ့် ဒီလူတွေက ကျူးလွန်ပါတယ်။
မူစလင်ဆိုကတည်းက အလ္လာသ်အရှင်မြတ်ရဲ့ အမိန့်ကို တသွေမတိမ် နာခံရပါတယ်။
မနာခံယင် မူစလင်မဟုတ်တော့ပါဘူး။ ပြစ်မှုကျူးလွန်သူကို အလ္လာသ်အရှင်မြတ်ကလည်း
ကာကွယ်ပေးမှာမဟုတ်ဘူး။ ပြစ်မှုကျူးလွန်သူဟာ သူ့ပြစ်မှုအလျှောက်
ကျခံရမှာဖြစ်တယ်။ ဒါကို မူစလင်များကို ဝေဖန်တိုက်ခိုက်နေတယ်လို့
မမြင်စေလိုပါ။
ထိုနည်းလည်းကောင်းပါပဲ။ လူသတ်မှု၊
မုဒိမ်းမှုများကို ဗုဒ္ဓဘာသာမှာလည်း တားမြစ်ပါတယ်။ ဒါပေမယ့်
ဗုဒ္ဓဘာသာဝင်တွေလည်း လူသတ်ချင်သတ်နေမှာပဲ။ မုဒိမ်းကျင့်မှုများလည်း
ပေါ်ပြူလာဖြစ်ပါတယ်။ မယားမြှောင်ထားတာလည်း ခေတ်စားပါတယ်။ ဒီလူတွေ
ချိုးဖောက်လို့ ဗုဒ္ဓဘာသာကို အပြစ်တင်ရမလားဆိုတော့ မဟုတ်ပါ။ ဒီလူတွေက
ဗုဒ္ဓဘာသာကို မလိုက်နာကတည်းက ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပြီ။
ဆိုလိုရင်းက
လူဆိုတာ ဘာသာပေါင်းမြောက်များစွာ ပြောင်းခဲ့ယင်လည်း မိမိအဇ္ဇျတ္တအသွင်ကို
မပြောင်းနိုင်က ထိုလူပဲ ဖြစ်မှာပါ။ လူကောင်းလူဆိုးဆိုတယ့်နေရာမှာလည်း
ဘာသာတိုင်းမှာ ရှိကြပါတယ်။ ဒီသဘောတရားကို လက်ကိုင်ထားပြီး ပြဿနာကို
ကွက်ကွက်ကွင်းကွင်း မြင်တတ်ဖို့ပါပဲ။
ရိုဟင်ဂျာဟာ ဘာသာရေးပြဿနာမဟုတ်
မြန်မာပြည်မှာ
ဖြစ်ပေါ်နေတယ့် ရိုဟင်ဂျာပြဿနာဟာ ဘာသာရေးပြဿနာမဟုတ်ပါ။ နိုင်ငံရေးပြဿနာ
ဖြစ်တယ်။ ဒီရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကို သစ္စာခံမှာမဟုတ်ဘဲ အာရပ်ကမ္ဘာကို
သစ္စာခံမှာ အသေအချာပါပဲ။ အခုကတည်းက အီဂျစ်မှာ သူတို့ဆန္ဒပြကြပါတယ်။
ဗြိတိသျှပါလီမာန်ကို သတင်းအမှားတွေ ပေးပါတယ်။ ပညာရှင်(၂)ဦးက သက်သေအဖြစ်
ထွက်ဆိုပါတယ်။ ဒါတွေဟာ ရိုဟင်ဂျာတို့ရဲ့ တိုက်ကွက်ပါ။
ရိုဟင်ဂျာတွေက
ဒေါ်အောင်ဆန်းစုကြည်ကို အမိဖမ်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မမိခဲ့ပါဘူး။
ခြေတစ်လှမ်းဆုတ်သွားလို့ ဗြိတိသျှပါလီမာန်နဲ့ တိတ်တဆိတ်တွေ့ပြီး
ကျေညာချက်ထုတ်ပြန်ရတာ ဖြစ်တယ်။ ဒါတွေက နည်းပရိယာယ်အင်မတန်ကြွယ်ဝတယ့်
ခြေလှမ်းတွေပါ။ ဒါတွေကို တုတ်ဓားကိုင်ပြီး ဖြေရှင်းလို့ရတာမဟုတ်။ သူတို့က
ဖောင်တိန်နဲ့တိုက်ယင် ဒို့ဘက်ကလည်း ကလောင်စွမ်းပြရတော့မှာဖြစ်တယ်။
ဗြိတိသျှအစိုးရ နားဝင်အောင် ဘယ်လိုစွမ်းဆောင်ရမလဲ နည်းလမ်းရှာဖို့ပါပဲ။
မရှိတယ့်ရိုဟင်ဂျာကို မရှိဘူးလို့ မပြောဝံ့လောက်အောင် ဒို့တတွေမှာ
သတ္တိကြောင်စရာ အကြောင်းမရှိ။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊
ဥရောပနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများကို ညင်ညင်သာသာ ချဉ်းကပ်တတ်ဖို့
လိုပါတယ်။
ဒီဆောင်းပါးကို ရေးခြင်းမှာ အဓိကရုဏ်းဖြစ်စေဖို့မဟုတ်
အဓိကရုဏ်းဖြစ်တိုင်း
အပြစ်မဲ့သူများ သေဆုံးကြရပါတယ်။ မသိနားမလည်သူများ ဆုံးပါးကြရပါတယ်။
အကာအကွယ်မဲ့သူများ နစ်နာကြရပါတယ်။ ဒါကြောင့် စာရေးသူက အဓိကရုဏ်းကို
အားမပေးပါ။ ဒါပေမယ့် ဖြစ်လာယင်တော့ မိမိအသက်ကို ကာကွယ်ပိုင်ခွင့်တော့
မြတ်ဗုဒ္ဓက ခွင့်ပြုပါတယ်။ ဒါဆိုယင် ဘာကြောင့် ဒီဆောင်းပါးကို
ရေးရသလဲဆိုတော့....
၁။ အစ္စလာမ်ဘာသာကို ဦးတည်ပြီး မတိုက်ခိုက်ကြပါနဲ့။ မရှိတယ့်ရိုဟင်ဂျာကိုပဲ မရှိအောင် လုပ်ပါ။
၂။ ရိုဟင်ဂျာဝတ်ရုံခြုံထားတယ့် ဘင်္ဂါလီများကို သတိထားပါ။
၃။ သူတို့ကို ဌာနေတိုင်းရင်းသားများအဖြစ် အသိအမှတ်မပြုဖို့၊ ပြုတယ့်အစိုးရကို ပြုတ်ကျအောင် ချဖို့ လိုတယ်။
၎။
သူတို့ကို နိုင်ငံသားအဖြစ် လက်မခံရပါ။ ဧည့်နိုင်ငံသားတောင် ပေးဖို့
မသင့်ပါ။ ဘင်္ဂလားဒေ့ရှ်သန်းခေါင်းစာရင်းနဲ့ မြန်မာသန်ခေါင်းစာရင်း ညှိုပြီး
ဆုံးဖြတ်ရမယ်။ ဆွေမျိုး(၇)ဆက် ညှိုလိုက်ယင် ဗူးပေါ်သလို ပေါ်လာမှာပါ။
၅။
တကယ်လို့ သူတို့မှာ ခိုင်လုံတယ့် စာရွက်စာတမ်းများ မရှိက ဘင်္ဂလားဒေ့ရှ်က
သူတို့အတွက် ဒုက္ခသည်စခန်းဖွင့်သလိုပဲ ရခိုင်ဘက်မှာလည်း ဒုက္ခသည်စခန်းတစ်ခု
ဖွင့်ပြီး သူတို့ကို နေခိုင်းသင့်တယ်။
Tuesday, July 10, 2012
ထူးမခြားနား
mostsaing
ရေနောက်အောင် လုပ်နေတယ်
လယ်သမားတွေရဲ့ဘဝကို ကရုဏာမသက်ဘဲ လယ်မြေများကို သိမ်းယူခဲ့ခြင်း၊ သိမ်းယူနေဆဲအစိုးရ။
အဓိကရုဏ်း (အထိကရုန်းမဟုတ်)ဖြစ်ဖို့ ကိုယ်တိုင်လုပ်သလို သူ့ဟာသူ ဖြစ်လာခဲ့ယင်လည်း အမြတ်ထုတ်တတ်တယ့်အစိုးရ။
တိုင်းရင်းသားမဟုတ်သူများကို မျက်နှာသာပေးခဲ့သူ၊ ပေးနေဆဲအစိုးရ။
မိမိတိုင်းရင်းသားများကို အခွင့်အရေးမပေးဘဲ နှိပ်စက်ခဲ့၊ နှိပ်စက်နေဆဲအစိုးရ။
မိမိကျူးလွန်ထားတယ့် စစ်ရာဇဝတ်မှုများကို ဥပဒေနဲ့ အကာအကွယ်ယူပြီး စာနယ်ဇင်းလောကကို တရားစွဲမယ့်တကဲကဲ ဖြစ်နေတယ့်အစိုးရ။
မိန်းမပျက်ပါးစပ်လို ကတိတွေကို ဖော်ဖော်သီသီပေးပြီး လွယ်လွယ်ကူကူ ချိုးဖောက်နေတယ့်အစိုးရ။
ကိုယ်နှုတ်နှလုံး စောင့်စည်းမှုမရှိတယ့်အစိုးရ။
အားလုံး ခြုံကြည့်လိုက်ယင် ဒီအစိုးရဟာ ပြည်သူတို့ရဲ့စိတ် ဇဝေဇဝါ ဖြစ်အောင် တမင်အကွက်ဆင်နေခြင်းမျှသာ ဖြစ်တယ်။ အနားယူသွားလေသူဆရာကြီး လက်ရာအတိုင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းမျှသာ ဖြစ်တယ်။ ရေနောက်အောင် မွှေနှောက်နေရုံမျှသာ ဖြစ်တယ်။ တကယ် အလုပ်လုပ်တယ့်အစိုးရ မဟုတ်။ မျက်နှာအပြကောင်းအောင် တိုင်းပြည်ကို ရောင်းစားနေတယ့်အစိုးရမျှသာ ဖြစ်တယ်။
စော်ကားလွန်းလှတယ်
ရခိုင်ပြည်နယ်မှာ ဖြစ်တယ့်ပြဿနာမှာ ရခိုင်လူမျိုးများကို တိုင်ပင်ခြင်းမပြုဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို မျက်နှာချိုသွေးပြီး ပြုမူခြင်းမှာ ပြည့်တန်ဆာကျင့် ကျင့်ခြင်းဖြစ်တယ်။ မဲလိမ်ပြီး တက်လာတယ့်အမတ်တွေ၊ မဲမရှိဘဲ တက်လာတယ့်အမတ်တွေ၊ မဲနိုင်လို့ တက်လာတယ့်အမတ်တွေ စုဝေးနေထိုင်ရာ ပြည်ထောင်စုလွှတ်တော်ရှိရက်သားနဲ့ မတိုင်ပင်ဘဲ အရေးကြီးတယ့် လူဝင်မှုကိစ္စကို လက်လွတ်စံပယ် လုပ်နေခြင်းမှာ လွှတ်တော်က အခွန်လွှတ်ဈေးလောက်တောင် တန်ဖိုးမရှိ ဖြစ်နေပြီ။
မြစ်ဆုံဆည်ကို နားထားတယ့်သမ္မတကို လူတွေ ဝိုင်းချီးကျူးကြတယ်။ အခု မြစ်ဆုံဆည်ကို ပြန်ဆောက်ပြီ။ ပြည်သူတွေကို နားလှည့်ပါးရိုက်ခြင်းဖြစ်တယ်။ မီဒီယာရှေ့မှာ ပြောတာတစ်မျိုး၊ ကွယ်ရာမှာ ဖြစ်နေတာက တစ်မျိုး လူလိမ်လူညာပလီပလာအဆင့်ကနေ တက်လာခြင်းမရှိသေးပါ။ လူပုံအလယ်မှာ ပုဆိုးက္ပွ္ပျတ်ရတာထက် ရှက်ဖို့ကောင်းပါတယ်။
ရေနံဓာတ်ငွေ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝင်ငွေထွက်ငွေကို စာရင်းမပြကြပါ။ အစိုးရကလည်း ယင်းဝင်ငွေများကို နိုင်ငံတော်ဝင်ငွေစာရင်းမှာ မပြပါ။ ပြခဲ့ယင်လည်း စာရင်းအတုသာ ဖြစ်တယ်။ စာရင်းဝှက်ခြင်း၊ စာရင်းအမှားပြုခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ထိုနိုင်ငံခြားသားများနဲ့သမ္မတအစိုးရအဖွဲ့ဝင်တို့ကို သေဒဏ်ပေးသင့်တယ်။ (အမှန်တကယ်ပေးရမယ်လို့ မပြောပါ) ဒဏ်ငွေဘီလီယံပေါင်းများစွာ ရိုက်သင့်တယ်။ အခု သူတို့ကို ဆန္ဒပြသူများကိုသာ အပြစ်ပေးခံနေရတယ်။ ဒါတွေဟာ သူခိုးလူကို ဟစ်ခြင်းသာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါတယ်လို့ အသံကောင်းဟစ်ခဲ့တယ်။ ကြံ့ဖွတ်အမတ်တွေ ပြည်ပလေ့လာခရီး ထွက်ရုံနဲ့ သတင်းထဲ ထည့်ရေးတတ်တယ်။ အခု လူထုခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ကို စိုးစိမျှ ဖော်ပြခြင်းမရှိ။ သမ္မတသိန်းစိန်မှာ စိတ်နှလုံး မွန်မြတ်ခြင်းမရှိ၊ ကျယ်ပြောခြင်းမရှိ။ ဣဿာပွားမှုသာ ရှိတယ်။ မြန်မာနိုင်ငံဆိုတာ ဘာလဲ ဒီတစ်ချက်ထဲနဲ့ သိတယ်။ မရင့်ကျက်သေးတယ့် သိန်းစိန်တို့ဟာ စစ်အစိုးရကျင့် စစ်အစိုးရကြံ ကြံနေတုန်းဆိုတာ မမေ့ကြဖို့လိုတယ်။
တိုင်းရင်းသားတွေကတော့ အလိမ်ခံသင့်တယ်။ လက်ရှိနည်းအတိုင်း ဒီအစိုးရ လိမ်လာတာ အခါပေါင်းမနည်းတော့ဘူး။ ယုံလို့ကောင်းတုန်းဆိုတော့ လိမ်သူအပြစ်မဟုတ်တော့။ တပ်(မတော်)က ကချင်မှာ ကိုယ့်သွေးချင်းတွေကို သတ်ဖြတ်နေတယ်၊ နှိပ်စက်နေတယ်၊ ဒုက္ခသည်စခန်းဝင်ပြီး ဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်၊ ဒါတွေကို ကန်းလို့ မမြင်ရတာလား၊ ပင်းလို့ မကြားရတာလား၊ အလို့ ပြောမထွက်တာလား စဉ်းစားစရာပါပဲ။ ပင်လုံထက် ကျယ်ပြန့်သောညီလာခံကို မျှော်လင့်နေပုံရတယ်။ ပင်လုံထက် ကျယ်ပြန့်သော ဆိုသည်မှာ ပင်လုံထက် ရှုပ်ထွေးသော ဟု အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်။ ၂၀၀၈ ဥပဒေကို ကျော်ပြီး သူတို့ ဘာမှ မပေးဘူးဆိုတာ သိထားကြစမ်းပါ။ နွားသိုးကြိုးပြတ်စစ်တပ်နဲ့ ဇက်ကြိုးမပါတယ့် UNFC တို့ အကြိတ်အနယ် တွေ့ရမယ့်ပွဲပါပဲ။
ထူးမခြားနားပါပဲ
လက်ရှိအပြောင်းအလဲမှာ သာယာနေတယ့် ပုဂ္ဂိုလ်တွေက ဒီစာကို အကြိုက်တွေ့ကြမှာမဟုတ်ဘူး။ အရင်က အပစ်ရပ်တွေ ပြောသလိုမျိုး တပ်က နည်းနည်းငြိမ်သွားတယ်။ လမ်းပမ်းဆက်သွယ်ရေးကောင်းလာတယ်။ စာပေယဉ်ကျေးမှု အသက်ရှုခွင့်ရတယ်။ ဒါပေမယ့် စစ်တပ်က သူတို့ဒေသကို တိုးဝင်လာတာ၊ စစ်စခန်းတွေ တိုးချဲ့လာတာ၊ မဟာဗျူဟာမြောက်နေရာတွေကို ယူကုန်တာကို သူတို့က ပြောဖို့သတ္တိ သိပ်မရှိကြဘူး။
အခုလည်း လွှတ်တော်နိုင်ငံရေးခေတ်စားလာတယ်။ ဒီလွှတ်တော်ကို အရင်းပြုလို့ သိန်းစိန်အစိုးရက ဆွမ်းလောင်းမလိုနဲ့ ဘုန်းကြီးသပိတ်ထဲက ဆွမ်းကို ခပ်ယူသွားတယ့်သဘော ဖြစ်နေတယ်။ အပြင်ပန်းကြည့်ရယင် ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းလှုပ်လို့ ရလာတယ့်သဘော ဖြစ်တယ်။ ဒါပေမယ့် သိန်းစိန်အစိုးရက ကွင်းတစ်ဝက် ဖိကစားထားတာကို ထောင့်စုံလေ့လာကြည့်ယင် သိသာပါတယ်။ အရင်းစစ်အစိုးရလိုပဲ သိန်းစိန်အစိုးရက ကဏ္ဍပေါင်းစုံမှာ နေရာတိုးယူနေတယ်။
သူ့အစိုးရအဖွဲ့ဝင်များ
သူ့ခရိုနီများ
သူ့ဆွေမျိုးပေါက်ဖော် (တရုတ်နဲ့ကုလားအပါအဝင်)များ
အနောက်တိုင်းနိုင်ငံ (အမေရိကန်အပါအဝင်)များ
၈၈ မျိုးဆက်များ
စသည်ဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ အင်အားတောင့်တင်းအောင် ကြိတ်ကြံနေတာကို တွေ့ရတယ်။ အတော်အသင့်လည်း အောင်မြင်မှု ရှိပြီဖြစ်တယ်။ သူတို့အာဏာဒေါင့်တိုင် ခိုင်ခန့်သထက်ခိုင်ခန့်အောင် ဒေါင့်စုံ ကြိုးပမ်းနေတယ်။
ဒီတော့ အရင်းက စစ်အစိုးရနဲ့ လက်ရှိသိန်းစိန်အစိုးရ လုပ်နည်းကိုင်နည်းက ထူးသလိုနဲ့ အတူတူပါပဲ။
ထူးမလား စောင့်ကြည့်ဦးမယ်
၁။ ဒီဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို တက်ပါ့မယ်။ သူ့ပြည်ပခရီးထက် ပိုစိတ်ဝင်စားတယ်။ ဥပဒေကို ဘယ်လောက်ပြင်နိုင်မလဲ၊ ပြင်ထားတယ့်ဥပဒေ ဘယ်လောက်အသက်ဝင်မလဲ၊ ရိုဟင်ဂျာလို ကြီးကျယ်တယ့်ပြဿနာတွေတောင် လွှတ်တော်အရေးပေါ်ခေါ်ယူပြီး လူဝင်မှုဥပဒေကို သုံးသပ်ခွင့်မပြုဘဲ ထင်ရာစိုင်းလုပ်သွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ရောက်ပြီးယင် ဘာများထူးလာမလဲ စောင့်ကြည့်လေ့လာသင့်တယ်။
၂။ နိုင်ငံသားတွေကို ကျေးကျွန်လို ဆက်ဆံနေဆဲ မြန်မာအစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့တာဝန်ဝတ္တရားကို ဘယ်လောက်လေးစားဖြည့်ဆည်းပေးနိုင်မလဲ။ လယ်မြေတွေကိုသိမ်းပြီး ခရိုနီတွေနဲ့ ဝေမျှဝေစားလုပ်နေဦးမလား။ ပြည်သူက ရွေးချယ်တယ့်အစိုးရ၊ ပြည်သူအတွက် အစိုးရ၊ ပြည်သူတို့ရဲ့အစိုးရ ဖြစ်လာမလား။ ဒါလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အစိုးရက ဒီမိုကရေစီအစိုးရမဖြစ်သရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားနေတယ်လို့ ဘယ်သူပြောလဲ။ ပြောယင်လည်း ယုံမှာမဟုတ်။
၃။ တိုင်းရင်းသားတွေရဲ့ကိစ္စကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ တိုင်းရင်းသားတွေဟာ သူတို့အချင်းချင်း ယုံကြတာထက် စစ်အစိုးရကိုပဲ ယုံကြတာ များတယ်။ စကားအရ သူတို့ ညီညွတ်ကြပါတယ်။ ဘဝတူတွေ ဖြစ်လို့ သူတို့ စုစည်းသလို ဖြစ်ကြပေမယ့် တကယ့်အရေးမှာ စစ်အစိုးရကိုပဲ အားကိုးကြတာ များပါတယ်။ ဒီသမိုင်းကို သူတို့ငြင်းလို့ မရပါဘူး။ အချင်းချင်းသစ္စာဖောက်ပြီး စစ်အစိုးရနဲ့ပေါင်းဖို့ ဘယ်တုန်းကမှ ဝန်မလေးတယ့်အဖွဲ့များ ဖြစ်ကြတယ်။ ဒီတစ်ခါမှာလည်း သူတို့က ဦးအောင်မင်းကို ယုံပြီး ပုံအပ်လိုက်ပြန်ပြီ။ ၂၀၁၅ မတိုင်မီ ၂၀၁၄ လောက်မှာ ပင်လုံထက် ကျယ်ပြန့်သော ညီလာခံမှာ သူတို့ဘာများရနိုင်မလဲ ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတယ်။
အဆိုးမြင်ဝါဒီလို့ သတ်မှတ်ချင်သတ်မှတ်ကြ။ စာရေးသူက ဒီလိုပဲ မြင်ပါတယ်။ အကောင်းဆုံးကိုမျှော်လင့်ပေမယ့် အနာဂတ်ကိုတော့ မယုံဝံ့ပါ။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း
mostsaing
ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေးတင်ပြရန် ရှိသည်။ မြန်မာနိုင်ငံရေးပြဿနာတွင် တိုင်းရင်းသားအရေးသည် အရေးပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျှောက်သာ ရှိသည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည်မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်းအေးစေလိုရင်းရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။
စစ်အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်းမရှိသဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်းရည်လည်း မြင့်မားလာကြသည်ပင်။
သိန်းစိန်အစိုးရသည် အဆင့်(၃)ဆင့်ဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကျေညာသည်။ ပထမအဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ်ရပ်ရေးအတွက် တစ်နှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံးအပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ်က ကချင်ကို ထိုးစစ်ဆင်တုန်း ဖြစ်သည်။ ထို့ပြင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိသည်။ ပထမအဆင့်မှာပင် သိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်းမနိုင်နင်းမှုများကို တွေ့မြင်ရသည်။
ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခုမတိုင်မီ ၂၀၁၄ ခုလောက်မှာ အကောင်အထည်ဖော်မည်ဟု မကြာသေးခင်က သိန်းစိန်အစိုးရ ကျေညာသည်။ ကျေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ်နည်းကို ဝေဖန်စရာ ရှိသည်။ ဒုတိယအဆင့်ဖြစ်သည့် ဤနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်သော ညီလာခံတစ်ခု ဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက် ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။
ပင်လုံထက် ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း(ပြည်ပ)အတိုက်အခံပါတီများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်င်ဂျီအို)များ၊ တိုင်းရင်းသားအဖွဲ့အစည်များကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသားညီလာခံနှင့် ခပ်ဆင်ဆင်တူသည်။
ပင်လုံထက် ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသားညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆိုသော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့်အကြောင်းအရာများကို အဆင်သင့်ပြင်ဆင်ထားပြီလား။ ဤညီလာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြားအသိပေးခဲ့ပြီလား။ ဤညီလာခံကို ပြည်တွင်းပြည်ပစာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံအသင်းဝင်အရာရှိများ၊ ကုလသမဂ္ဂအရာရှိများ တက်ရောက်လေ့လာခွင့်ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။
ပင်လုံထက် ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည်ပင်လုံညီလာခံတုန်းက ပေးထားသော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတစ်ခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစုဗမာနှင့် အခြားလူမျိုးများကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသယများကို ပွားစေမည့် ညီလာခံတစ်ခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတစ်ခုသာ ဖြစ်သင့်သည်။
ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရအရာရှိများက (၅၀)ရာခိုင်နှုန်း၊ အတိုက်အခံများက (၂၀)ရာခိုင်နှုန်း၊ အသိပညာရှည် အတတ်ပညာရှင်၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ (၂၀)ရာခိုင်နှုန်း၊ တိုင်းရင်းသားများက (၁၀)ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆိုလျှင် ပင်လုံထက် ရှုပ်သော ညီလာခံဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့်အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည်ရှိနေသော အမြင်မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။
ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူနေလို၍ လက်နက်ကိုင်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့်သုံးသော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majority Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင်ကာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
တန်းတူရေး ဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း(၇)တိုင်းကို စုပေါင်း၍ ပြည်နယ်တစ်ခုနှင့် ဦးရေတူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများကို ခြယ်လှယ်ခြင်း လုံးဝမပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင် ယင်းအသိပညာရှင်၊ အတတ်ပညာရှင်များသည် ပြည်နယ်(၇)နှင့် တိုင်းပေါင်းစုံ(၁)ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက်ပါမည်။
ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တစ်ခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေအဖြစ် ပြုစေလျှင် လျှော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ သိန်းစိန်အစိုးရ၏ ဦးတည်ချက်များအနက် တစ်ခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါရည်မှန်းချက်အထမြောက်အောင်မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံ ရသည်။
လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေးရှိမရှိအပေါ်မှာ အခြေခံရမည်ဖြစ်သည်။ လက်ရှိလွှတ်တော်မှာ ဒီမိုကရေစီနည်းကျခြင်းမရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်ရှိနေသရွေ့ ဒီမိုကရေစီနည်းကျမည်မဟုတ်။ ဒီမိုကရေစီနည်းကျခြင်းမရှိသည့် လွှတ်တော်မှာ တန်းတူရေးရှိဖို့ မလွယ်ကူပါ။ တစ်ခါတရံမှာ ဒီမိုကရေစီရေးနှင့်တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေသေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါ။ ထိုသို့ ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်းစွပ်စေမည်းအလုပ် လုပ်မည်မဟုတ်ဟု ယူဆရသည်။
ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လွန်စွာ အရေးကြီးသည်။ စကတည်းက တန်းတူရေးမဖြစ်လျှင် ဝင်မပါသည်က ကောင်းသည်။ တန်းတူရေး ဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများ တိုက်နေသည့်တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအတိုက်အခံအင်အားစုများသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ကြ။ ဒီမိုကရေစီရေး (majority rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေစီရအောင် လုပ်နိုင်ခြေရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန်မဟုတ်ပါ။ တိုင်းရင်းသားများက တခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည်မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့စိတ်တိုင်းကျ ခေါ်နိုင်ဖို့ ဖြစ်သည်။ ယင်းပြည်နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စုအင်္ဂါရပ်နှင့် လျော်ညီပါမည်။
(မဂျော်ရတီရူးလ်နဲ့ အီကွောရတီ မျှတအောင် ကျင့်ကြံပုံကို အကြောင်းသင့်က ဆက်လက်တင်ပြပေးပါဦးမည်)

တန်းတူရေး ရှိမှသာ ပြည်ထောင်စုမှာ နေရတာ တန်မည် (Intrinsic Equality vs. Majority Rule)
mostsaing
လူများစုအုပ်ချုပ်ရေးကို ဒီမိုကရေစီဟု ယေဘုယျအားဖြင့် သတ်မှတ်ရသည်။ လူမျိုးတိုင်းမှာ အခွင့်အရေးညီတူညီမျှရှိသည်ကို တန်းတူရေးဟု ဆိုရသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ဒီမိုကရေစီစံနှုန်းရှိသည့် လူမျိုးတန်းတူရေး ရှိဖို့ ညှိရသည်။ သို့မှသာ ဒီမိုကရေစီအသီးအပွင့်ကို ပြည်သူတိုင်း ခံစားနိုင်ပြီး လူမျိုး၊ ဘာသာစကားကို အကြောင်းပြု၍ ဒုတိယတန်းစားနိုင်ငံသားများ မရှိတော့သည့် တန်းတူအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။
ရိုးရိုးပင် တွေးကြည့်ပါ။ အသင်းအဖွဲ့တစ်ခုတွင် အသင်းဝင်များကို ခွဲခြားဆက်ဆံလျှင် ရေရှည်သွား၍ မရပါ။ ပြည်ထောင်စုတစ်ခုမှာလည်း အုပ်စုတစ်ခုက အခြားအုပ်စုများကို အနိုင်ကျင့်နေလျှင်၊ လူမျိုးတစ်မျိုးက အခြားလူမျိုးများကို နိုင်ထက်စီးနင်းပြုမူနေလျှင် ပြိုကွဲဖို့သာ ရှိသည်။ လူမျိုးတိုင်း အတူနေ၍ ရအောင် မူများ၊ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပေါ်လစီများ၊ လုပ်ဆောင်ချက်များ ညီတူညီမျှ ချမှတ်အကောင်အထည်ဖော်ရပါမည်။ ဒီမိုကရေစီစနစ်သည် ယင်းလိုအပ်ချက်များ၏ အခြေခံဖြစ်သည်။ ယင်းလိုအပ်ချက်များအပေါ် လွှမ်းမိုးမှု မရှိရပါ။
တန်းတူရေးဟု ဆိုရာ၌ လူမျိုးတစ်မျိုးက ကြက်ဆီထမင်းကြိုက်၍ ပြည်ထောင်စုတဝန်းလုံးမှာ ကြက်ဆီထမင်းချက်စေပြီး ညီတူညီမျှ စားသောက်စေသည်ကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိတို့အိမ်မှာ မိမိတို့ကြိုက်သည့် ဟင်းရမယ်များကို မိမိတို့ကြိုက်သည့်နည်းဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်နိုင်သည်ကို ဆိုလိုသည်။ လူမျိုးတိုင်းမှာ အကြိုက်ကိုယ်စီ ရှိကြ၍ တန်ဖိုးမတူကြပါ။ တန်းတူရေးသည် ယင်းအကြိုက်နှင့်တန်ဖိုးကို အလေးထားသည်။ ယင်းအကြိုက်နှင့်တန်ဖိုးကိုလည်း ပြည်ထောင်စုက သာစေနာစေ ဆရာကြီး ဝင်လုပ်စရာ မလို။ ဆရာကြီး ဝင်လုပ်မည့်အစား ယင်းအကြိုက်နှင့်တန်ဖိုးများကို ပြည်ထောင်စု၏ အမွေအနှစ်များအဖြစ် သတ်မှတ်ရသည်။ အကြိုက်နှင့်တန်ဖိုးမတူသူများ အတူယှဉ်တွဲနေထိုင်၍ ရသော ဝန်းကျင်တစ်ခုကို ညှိနှိုင်းပေးရသည်။ ဤသည်မှာ ပြည်ထောင်စု၏ အလုပ်ဖြစ်သည်။
ပြည်ထောင်စု၏ အလှသည် အရောင်အသွေးပေါင်း စုံလင်၏။ တစ်ရောင်တည်း ခြယ်ရန် မဟုတ်။ ပြည်ထောင်စု၏ သင်္ကေတသည် ကြယ်တစ်လုံးတည်း မဟုတ်၊ ကြယ်တာရာအပေါင်း ခညောင်းသည့်ည ဖြစ်သည်။ ပြည်ထောင်စုကို တစ်ရောင်တည်းခြယ် ကြယ်တစ်လုံးတည်း ထားလျှင် စိတ္တဇဆန်လှ၏။ ရင့်ကျက်မှု မရှိ။ အတူယှဉ်တွဲနေထိုင်ရေးကို တန်ဖိုးမထား။ ဗမာမှုပြုခြင်းသာ ဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ် ရှိခဲ့လျှင် ဤစိတ်နေစိတ်ထားကနေ စပြင်ရပါမည်။ ထိုသို့ ပြင်မှသာ ဗမာလူမျိုး၏ ကြန်အင်လက္ခဏာအစစ်အမှန်လည်း ပေါ်လာစရာရှိသည်။ အခြားလူမျိုးများလို ပြည်နယ်တစ်ခု ရပြီး တန်းတူရေးအသီးအပွင့်ကို အတူတူ ခံစားနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဆက်ဆက်သည် တန်တူးရေးနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့ကြသည်။ ပါလီမာန်ခေတ်တွင် ပြည်နယ်ပြည်မ ခွဲခြားခြင်းဖြင့် တန်တူရေးကို သေးသိမ်စေခဲ့သည်။ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် မဆလခေတ်တွင် တိုင်းနှင့်ပြည်နယ်(၁၄)ကို ဖန်တီးခြင်းဖြင့် တန်းတူရေးကို ပြက်ရည်ပြုခဲ့ပြန်သည်။ နဝတ၊ နအဖ၊ ကြံ့ခိုင်ရေးအစိုးရခေတ်တွင်လည်း ပြည်ထောင်စုနိုင်ငံဖြစ်သော်လည်း ကြယ်တစ်ပွင့်ထားခြင်းဖြင့် တန်းတူရေးကို အသိအမှတ်မပြုခဲ့ချေ။ ဤမှားယွင်းသော အတွေးအခေါ်များကို မပြင်သေးသရွေ့ တန်းတူရေး မရှိနိုင်၊ တန်းတူရေးမရှိသေးသရွေ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်၊ ပြည်တွင်းစစ် မငြိမ်းသေးသရွေ့ ပြည်ထောင်စုကြီး သာယာဝပြောအောင် မလုပ်နိုင်ပေ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရက ပြည်နယ်များသည်လည်း ပြည်ထောင်စုငယ်များ ဖြစ်ကြသည်ဟု ဆိုလေ့ရှိသည်။ ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။ သို့သော် ယင်းလူမျိုးပေါင်း (၁၃၅)မျိုးတို့၏ တန်းတူအခွင့်အရေးကို မပေးဘဲ ထို (၁၃၅)မျိုး၏ ပင်မလူမျိုး(၈)မျိုးကို ချုပ်ကိုင်ထားခဲ့သည်။ ဗမာအပါအဝင် မည်သည့်လူမျိးမှ မလွတ်လပ်တော့ပါ။ အမှန်တွင် အမျိုးသားပြည်နယ် အနည်းဆုံး(၈)ခုတွင် ယင်းလူမျိုးပေါင်း (၁၃၅)ခုတို့သည် တန်းတူရေးအပြည့်အဝဖြင့် နေထိုင်နိုင်မျှသာလျှင် စစ်မှန်သော ပြည်ထောင်စု ဖြစ်နိုင်သည်။ ပြည်ထောင်စုကြီးက အလှသွေးကြွယ်၍ တင့်တယ်ပါမည်။
ဥပမာအားဖြင့် မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်၊ ထားဝယ်နှင့် ဧည့်နိုင်ငံသား တရုတ်၊ ကုလား အစရှိသည်ဖြင့် နေထိုင်ကြသည်။ ဧည့်နိုင်ငံသား တရုတ်ကုလားများသည် မွန်ပြည်နယ်သားများ ဖြစ်လာကြမည်ဖြစ်သည်။ မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စာလှယ်များ မရရှိနိုင်သော်လည်း မိမိကြိုက်ရာအမတ်များကို မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ ဗမာအစရှိသော ကျန်တိုင်းရင်းသားများမှာ မွန်ပြည်နယ်ပါလီမာန်တွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံနိုင်ကြသည်။ ဤလူမျိုးပေါင်းစုံရှိသော မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေများ ပြုကာ မွန်ပြည်နယ်သူပြည်နယ်သားတို့ ရွေးချယ်တင်မြှောက်သော မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်ကို စီမံအုပ်ချုပ်ရသည်။ မွန်ပြည်နယ်ရှိ မွန်ပြည်နယ်အမတ်များသည် ဒီမိုကရေစီရေးနှင့် တန်းတူရေးတန်ဖိုးကို သိရှိနားလည်ပြီဖြစ်၍ ပြည်ထောင်စုကို တာဝန်ခံရာ၌ ဒီမိုကရေစီရေးနှင့်တန်းတူရေးကိစ္စရပ်များကို လွယ်လင့်တကူ လိုက်နာကျင့်သုံးနိုင်မည် ဖြစ်သည်။
ထိုနည်းတူစွာ ဗမာပြည်နယ်သည် အင်အားအကောင်းဆုံး ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာမည်မှာ သေချာလှသည်။ ထိုဗမာပြည်နယ်တွင်လည်း မွန်ပြည်နယ်တွင်ကဲ့သို့ ဒီမိုကရေစီရေးနှင့်လူမျိုးတန်းတူရေးကို အခြေခံရမည်ဖြစ်သည်။ ဗမာပြည်နယ်ပါလီမာန်တွင် လူမျိုးပေါင်းစုံ ပါဝင်မည်ဖြစ်ရာ အရောင်အသွေး စုံလင်လှ၏။ ဗမာပြည်နယ်အုပ်ချုပ်ရေးမှူး (သို့) ဗမာပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖူးသူသည် ပြည်ထောင်စုသမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်း များသည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ စံပြ ဖြစ်လာမည်မှာ သေချာလှသည်။ ဗမာစာ၊ ဗမာစကား၊ ဗမာ့ယဉ်ကျေးမှုသည် သီးသန့်ရှင်သန်ဖွံ့ထွားလာမည်ဖြစ်ရာ ဗမာ့တက္ကသိုလ်များသို့ တိုင်းရင်းသားပေါင်းစုံ လာရောက်လေ့လာကြမည်ဖြစ်သည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ ဝန်ထုပ်ဝန်ပိုးများကို သယ်စရာမလိုတော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် နေနိုင်ကြမည်ဖြစ်သည်။ အပြစ်ကင်းသည့် ဗမာများကို ပြည်ထောင်စုသားတိုင်း လေးစားအတုခိုးဂုဏ်ယူနေကြပါမည်။
ဤသို့ဖြင့် ပြည်နယ်တိုင်းမှာ Intrinsic Value မွေးရာပါကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်ကြသည်။ တိုင်းရင်းသားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဤ Intrinsic Value ကို အခြေခံသည့် Intrinsic Equality သဘောမျိုး ဖြစ်ကြောင်း တွေ့ရသည်။ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးပင် ဖြစ်သည်။ ပြဿနာမှာ ဤ Intrinsic Value သတ်မှတ်သည့်နေရာတွင် တပ်မတော်အသိုင်းအဝိုင်း၊ အစိုးရအသိုင်းအဝိုင်း၊ ဒီမိုကရေစီအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားအသိုင်းအဝိုင်းတို့ကြား ကွာဟမှုများ ရှိနေကြခြင်းဖြစ်သည်။ ဤ မွေးရာပါတန်းတူရေးသည် ဒီမိုကရေစီစံနှုန်းနှင့် ဆီလျှော်မှသာလျှင် ဗဟုဝါဒီများက လက်ခံနိုင်ဖွယ်ရာရှိသည်။ လောလောဆယ်တွင် ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို ကျင်းပပေးမည်ဟု အစိုးရက ကျေညာခဲ့သော်လည်း Intrinsic Equality နှင့် ပတ်သက်၍ မည်မျှလိုက်လျော်နိုင်မည်ကို မည်သည့်အဖွဲ့ကမှ ပွင့်လင်းမြင်သာမှု မရှိကြသေးချေ။
ဥပမာ Intrinsic Equality ကြောင့် ပြည်ထောင်စုတွင် လူဦရေးအများဆုံးဖြစ်သည့် ဗမာများ နစ်နာစရာ ရှိသည်။ ကရင်ပြည်နယ်တွင် လူများစုကရင်များ နစ်စနာစရာရှိသည်။ ကချင်ပြည်နယ်တွင် လူများစုကချင်များ နစ်နာစရာရှိသည်။ ထိုသို့ မနစ်နာရအောင် ဥပဒေပြုရေးကို Majority Rule အရ အောက်လွှတ်တော် (သို့) ပြည်သူ့လွှတ်တော်မှာ ထားရှိသင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီစံနှုန်းကို ကာကွယ်ထားခြင်းဖြစ်သည်။ Majority Rule ကြောင့် Intrinsic Values များ ယုတ်လျှော့မသွားအောင်၊ ပြည်ထောင်စုပီသအောင် ပြည်သူ့လွှတ်တော်က ပြုစုခဲ့သည့် ဥပဒေသည် ပြည်နယ်များမှ ဦးရေတူ ရွေးချယ်ပေးသည့် အထက်လွှတ်တော် (သို့) အမျိုးသားလွှတ်တော်အမတ်များကို ဖြတ်ရသည်။ ပြည်နယ်များတွင်လည်း အတူတူပင် ဖြစ်သည်။ ပြည်နယ်များတွင် ပြည်နယ်ကိုယ်စားပြုလူမျိုးတို့ပြုသမျှ မနုရလေအောင် ပြည်နယ်များ၏ အထက်လွှတ်တော်ကို ပြည်နယ်ရှိတိုင်းရင်းသားအမတ်များ ဦးရေတူ ထားရှိသင့်သည်သာ ဖြစ်သည်။ သို့မှသာ ပြည်နယ်တွင်းရှိ လူမျိုးစုများအတွက် တန်းတူရေး ရှိနိုင်မည်ဖြစ်သည်။
တရားသော ဥပဒေများကို ပြဌာန်းနိုင်ခဲ့လျှင်
ယင်းဥပဒေအတိုင်း ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရများက အုပ်ချုပ်ကြလျှင်
ယင်းဥပဒေအတိုင်း တရားသူကြီးများက စီရင်ဆုံးဖြတ်ကြလျှင်
တရားဥပဒေစိုးမိုးမှု ရှိပြီး သာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့် ရချင်လျှင် (Equality, Majority Rule and Personal Autonomy)
mostsaing
(၃၈)ဖြာမင်္ဂလာတွင်
နေရေးနှင့်ပတ်သက်၍ မင်္ဂလာ(၃)ပါး ရှိသည်။ သင့်တင့်သည့်အရပ်မှာ နေခြင်း၊
ပြုဖူးသည့် ကုသိုလ်ကံ ရှိခြင်း၊ ကိုယ်နှုတ်ကို ဆောက်တည်ခြင်းတို့ ဖြစ်သည်။
ကိုယ်နှုတ် ဆောက်တည်ခြင်းကို အတ္တသမ္မာပဏိဓိ ဟု ပါဠိက ဆိုသည်။ အောင်မြင်မှုသည်
ကိုယ်နှုတ်ဆောက်တည်မှုနှင့် ဆိုင်သည်။ ဤနေရာတွင် ကိုယ်နှုတ်ဆောက်တည်မှုကို
အင်္ဂလိပ်ဘာသာဖြင့် Personal Autonomy ဟု သုံးချင်သည်။
မည်သည့်ပြည်ထောင်စုနိုင်ငံ၊ မည်သည့်ဒီမိုကရေစီနိုင်ငံတွင်ဖြစ်စေ Personal Autonomy မရှိလျှင် အောင်မြင်ဖွယ်ရာ မရှိ။ အရင်းဆုံး မေးရလျှင် ဒီမိုကရေစီကို မည်သည့်အတွက်ကြောင့် လိုချင်ရသနည်း။ လွတ်လပ်မှု (Freedom)ကို တောင့်တ၍ ဖြစ်သည်။ လွတ်လပ်မှုဆိုသည်မှာလည်း Majority Rule ကို ကိုယ်စားပြုသည့် ယေဘုယျလွတ်လပ်မှု (General Freedom)နှင့် တန်းတူရေးကို ကိုယ်စားပြုသည့် ကိုယ်ပိုင်ပြဌာန်းခွင့် (Freedom of Self-determination) ဟူ၍ နှစ်မျိုးရှိသည်။ မည်သည့်လွတ်လပ်မှု (Freedom)ကိုမဆို မိမိကိုယ်ကို ထိန်းကျောင်းမှု (Moral Autonomy) မရှိလျှင် မရနိုင်ပေ။ မိမိကိုယ်ကို ထိန်းကျောင်းတတ်ဖို့ ကိုယ်နှုတ်ကို ဆောက်တည်ခြင်း (Personal Autonomy) လိုပြန်သည်။
မွေးရာပါအခွင့်အရေး (Intrinsic Rights) ကို တောင်းဆိုသည်ဟု ဆိုရာဝယ် မည်သူ့ဆီကို တောင်းဆိုသနည်း။ မွေးရာပါဆိုကတည်းက ထိုအခွင့်အရေး မိမိတွင် ရှိပြီသားဖြစ်သည်။ ထိုအခွင့်အရေးကို အာဏာရှိသူတို့ သိမ်းယူ၍ မရ။ မိမိက လက်လျှော့၍ ပေးအပ်မှသာလျှင် သူတို့က အလွဲသုံးစားပြုနိုင်ခြင်း ဖြစ်သည်။ ထိုမွေးရာပါအခွင့်အရေးကို သူတို့ဆီက တောင်းယူရန် မလို။ သူတို့ကလည်း မိမိတို့ကို ပေးစရာမရှိ။ သို့သော် လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဤသဘောတရားနှင့် ဖီလာဆန့်ကျင်နေသည်။ အစိုးရက အကြွင်းမဲ့အာဏာပိုင်ဖြစ်၍ သူတို့ပေးမှ ရမည့်အသွင် ဆောင်နေသည်။
စာရိတ္တသီလဟု ဆိုအပ်သည့် Moral Autonomy အားကောင်းလျှင် အစိုးရဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ ပြည်သူပြည်သားများက ဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံတတ်ကြရာ ဥပဒေစိုးမိုးရေးအတွက် အလွန်တရာ ကျေးဇူးပြုသည်။ ဥပဒေစိုးမိုးမှု ရှိမှသာ အထက်ဖော်ပြပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်သည်။ Majority Rule နှင့် Equality တို့ကို မပေးချင်သည့် အာဏာရှင်များက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေခြင်းမှာ Moral Autonomy ပျက်စီးအောင် လုပ်ခြင်းဖြစ်သည်။ ဥပဒေစိုးမိုးမှု မရှိမှသာလျှင် အာဏာကို ရေရှည်ဆုပ်ကိုင်ထား၍ ရသောကြောင့် ဖြစ်သည်။
Moral and Personal Autonomy မရှိလျှင် အဓိကရုဏ်းလည်း ဖြစ်တတ်သည်။ အဓိကရုဏ်းဆိုသည်မှာ ပါသက်စကားလုံး ဖြစ်သည်။ Overdoing, Over-reaction, Riot စသည်ဖြင့် ပြန်နိုင်ပါသည်။ လိုအပ်သည်ထက် တုန့်ပြန်မှုကို အဓိကရုဏ်းဟု ဆိုနိုင်သည်။ ဥပဒေအရ မဟုတ်ဘဲ မိမိသဘောအရ ထင်ရာစိုင်းပြုမူခြင်းကို အဓိကရုဏ်းဟု ဆိုရသည်။ အာဏာရှင်တို့သည် ပြည်သူတို့၏ ရင့်ကျက်မှု၊ ဆောက်တည်မှု၊ ထိန်းကျောင်းမှုအားကို အဓိကရုဏ်းဖြင့် သွေးတိုးစမ်းလေ့ ရှိကြသည်။ Moral Autonomy မရှိ၍ Personal Autonomy မရှိ၊ Personal Autonomy မရှိ၍ Rule of laws မရှိ၊ Rule of the laws မရှိ၍ Freedom ဆုံးရှုံးရသည်။
အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုသော ပြည်ထောင်စုဝင်ပြည်နယ်သားများသည် မိမိကိုယ်ကို မိမိဘာသာထိန်းကျောင်းနိုင်မှု Moral Autonomy ရှိရန် အလွန်လိုအပ်သည်။ မိမိကိုယ်ကို ထိန်းကျောင်းတတ်မှသာလျှင် မိမိကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သို့မှသာ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) နှင့် တန်သည်။ အစိုးရသည် ဤအချက်ကို ကိုင်၍ ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုချက်များကို လျစ်လျူရှုတတ်သည်။ အဘယ်ကြောင့်ဆိုသော် self-determination ဟု ဆိုရာဝယ် အများနှင့်ဆိုင်သည့် ပြဌာန်းခွင့် ဖြစ်သည်။ မိမိကိုယ်ကို မထိန်းကျောင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြည်နယ်များသည် ပြည်ထောင်စုကို တာဝန်ခံရာ၌ များစွာ ခက်ခဲစေမည်ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကိုလည်းကောင်း၊ မိမိပြည်နယ်၏ အကျိုးစီးပွားကိုလည်းကောင်း၊ ပြည်ထောင်စု၏ အကျိုးစီးပွားကိုလည်းကောင်း ကာကွယ်တတ်ရန်၊ ကြီးပွားစေရန် လွန်စွာ လိုအပ်လှ၏။
ထို့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနေသော ပြည်ထောင်စုဝင် ပြည်နယ်များသည် မိမိတို့လူမျိုးကို ပညာပေးခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်း၊ ဥပဒေစိုးမိုးအောင် ရဲတပ်ဖွဲ့အင်အားထားရှိခြင်း၊ အုပ်ချုပ်ရေးကို ကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို အစဉ်တစိုက် လုပ်သင့်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေသည်ဟုဆိုသော အစိုးရသည် အပစ်ရပ်တိုင်းရင်းသားများကို Moral Autonomy ရှိဖို့၊ Self-determination အတွက် အဆင်သင့်ဖြစ်ဖို့ အခြေခံအုပ်ချုပ်ရေးအဆောက်အဦးများကို ယခုကတည်းကပင် အကူအညီပေးသင့်ပြီဖြစ်သည်။ ဒါမှသာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို မှန်ကန်စွာ အကောင်အထည်ဖော်ရာ ရောက်သည်။

ဒီမိုကရေစီနှင့် မိမိကိုယ်ကို ဆောက်တည်မှု (Democracy vs Personal Autonomy)
mostsaing
ဒီမိုကရေစီကို Majority
Rule ဟု စာရေးသူက ရည်ညွန်းဖန် များသည်။ ဒီမိုကရေစီဆိုသည် Rule by the
people ဖြစ်၍ ဆိုရခြင်း ဖြစ်သည်။ ဒီမိုကရေစီကို အာဏာရှင်တို့က
ချုပ်ကိုင်ထား၍ မရပါ။ ပြည်သူတွေက ဒီမိုကရေစီကို အမှန်တကယ် လိုလားလျှင်
အာဏာရှင်တို့က မဟန့်တားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အာဏာအစစ်အမှန်က
အာဏာရှင်တို့၏ လက်ထဲ၌ အမှန်တကယ် မရှိပါ။ အာဏာက သူတို့လက်ထဲ၌ ရှိသည်ဟု
အာဏာရှင်တို့က ပုံမှားရိုက်ထားသဖြင့် ဒီမိုကရေစီကို အာဏာရှင်တို့ထံတွင်
ပြည်သူများက တောင်းဆိုနေခြင်း ဖြစ်သည်။ အမှန်တွင် ပြည်သူတို့သည်
သူတို့နှင့်တန်သော အစိုးရတစ်ရပ်ကို အမြဲတမ်း ရရှိနိုင်ကြသည်။
မိမိကိုယ်ကို ဆောင်တည်ခြင်းဟုဆိုရာ၌လည်း မိမိကိုယ်ကို အုပ်ချုပ်တတ်ခြင်းကို ဆိုချင်သည်။ အာဏာသည် ပြည်သူတို့အထံ၌ တည်ရှိသည်ဖြစ်၍ ပြည်သူတို့ကိုယ်တိုင်က အစိုးရ ဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ဦးချင်းသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်ဖို့ လိုသည်။ မိမိကိုယ်ကို မအုပ်ချုပ်နိုင်လျှင် မိမိကိုယ်တိုင်က အစိုးရကောင်းမဟုတ်တော့။ မိမိနေအိမ်၌ မိမိက အစိုးရကောင်းမဖြစ်လျှင် ပြည်ထောင်စုတွင်လည်း အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရန် မလွယ်ကူပါ။ မီးဖိုချောင်းတစ်ခုကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သော မိန်းမသည် နိုင်ငံတစ်ခု၏ သမ္မတကောင်းတစ်ဦးဖြစ်ရန် အရည်အချင်းရှိသည်။ လေ့ကျင့်ပျိုးထောင်ပေးလျှင် မလွဲဧကန် ဖြစ်မည်ဖြစ်သည်။
နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် မိမိကိုယ်ကို ဥပဒေနှင့်အညီ အုပ်ချုပ်တတ်ဖို့ အရေးကြီးပုံကို ဆိုချင်သေးသည်။ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအတော်များများသည် သူတို့အစိုးရ ဘာလုပ်သည်ကို အမြဲမပြတ် စောင့်ကြည့်သည်၊ သူတို့အစိုးရ အကြပ်အတည်း ဖြစ်နေလျှင် မတန်တဆ အခွင့်အရေးများကို မတောင်းဆိုပါ၊ သူတို့အစိုးရ အလုပ်မလုပ်လျှင်လည်း သက်တမ်းတစ်ခုသာ ရုံးထိုင်နိုင်မည်ဖြစ်သည်၊ ဥပဒေကို လေးစားသလို ပြည်သူတစ်ဦးချင်း၏ အခွင့်အရေး၊ ပြည်နယ်များ၏ အခွင့်အရေး၊ ပြည်ထောင်စုအပေါ် သစ္စာစောင့်သိမှုတို့ကိုလည်း အကြွင်းမဲ့ နားလည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီဖခင်နေရာကို ရရှိနေခြင်း ဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် အမေရိကန်ပြည်သူများသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်သူများ (Personal Autonomy) ရှိကြသူများ ဖြစ်သည်။
နိုင်ငံသားကောင်းများ များများမွေးထုတ်နိုင်ရန် ဥပဒေကောင်းများ ရှိရသည်။ ယင်းဥပဒေကောင်းများ အသက်ဝင်အောင်လည်း ပြည်သူ့ဝန်ထမ်းများက လေးစားလိုက်နာသင့်သည်။ မြန်မာနိုင်ငံသည် ဥပဒေကောင်းရှိသည့် နိုင်ငံဖြစ်သည်။ မွန်လူမျိုးများသည် ဥပဒေအရာ ကျွမ်းကျင်ကြသည်။ သထုံဆိုသည်မှာ သုဓမ္မ မှ ဆင်းသက်သည်။ ဥပဒေကောင်းရှိသည့်နိုင်ငံဟု ဆိုသည်။ မွန်တို့၏ ဥပဒေဖြင့် ပုဂံလက်နက်နိုင်ငံတော် (လက်နက်ဆိုသည်မှာ လက်နက်ဖြင့် တည်ဆောက်ခြင်းမဟုတ်)ကို တည်ထောင်နိုင်ခဲ့သည်။ ပုဂံပြည်တွင် မွန်တို့အင်အား မှေးမှိန်စပြုချိန် နရပတိစည်သူ(၁)လက်ထက်တွင် မွန်ဆရာတော် ဓမ္မဝိလာသမထေရ်ကို ဓမ္မသတ်ကျမ်းတစ်ဆူ ပြုစေ၍ အောက်ပြည်ကို သာသနာပြုစေလွှတ်ခဲ့သည်။ ထို့အတူ ဝါရီရူဓမ္မသတ်လည်း ထင်ပေါ်ကျော်ကြားသည်။ ဘုရင့်နော်ကျော်ထင်နော်ရထာသည် ထိုင်းကို အောင်မြင်ပြီးသည့်နောက် မွန်တို့၏ဓမ္မသတ်ကို ကျင့်ကြံစေခဲ့သည်။ ထိုင်းနှင့်မွန်တို့သည် ဘုရင့်နောင်ကို မုန်းတီးကြခြင်းအလျဉ်းမရှိချေ။
အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်မှုကောင်းလျှင် ပြည်သူ့သားကောင်းများ ပေါ်ထွန်းလာရိုးသာ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းတွင် မင်းဆိုးမင်းညစ်များ ရှိခဲ့သလို မင်းကောင်းမင်းမြတ်များလည်း မနည်းလှပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအရာ၌ မြန်မာတို့သည် အရှေ့တောင်အာရှ၏ စံပြ ဖြစ်ခဲ့ဖူးသည်ကို မမေ့အပ်ပေ။ လက်ရှိတွင်လည်း အရှေ့တောင်အာရှတွင် စံပြဖြစ်နိုင်သည့် နိုင်ငံရေးအဝန်းအဝိုင်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ အရှေ့တောင်အာရှတွင် ပြည်ထောင်စုအမည်ခံနိုင်ငံမှာ မလေးရှားနှင့်မြန်မာသာ ရှိသည်။ ထိုတွင် ပြည်ထောင်စုအမည်ကို တတွင်တွင်သုံးနေသည့်နိုင်ငံမှာ မြန်မာသာ ဖြစ်သည်။ မြန်မာတွင် ကောင်းမွန်သည့်ဥပဒေ၊ ကောင်းမွန်သည့်အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေး၊ ကောင်းမွန်သည့် တရားစီရင်ရေးစနစ်၊ ကောင်းမွန်သည့်နိုင်ငံသားများ ရှိလျှင် အရှေ့တောင်အာရှတွင် နောက်တစ်ခါ ပြန်လည်ထွန်းတောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။
ထိုတွင် ကောင်းမွန်သည့် နိုင်ငံသားများ ရှိရန်ဟူသော အချက်သည် တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့်အချက် ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် Rule of the Laws by the people ဖြစ်၍ ပြည်သူ့သားကောင်းမှ စစ်သားကောင်းများ၊ ဝန်ထမ်းကောင်းများ၊ အမတ်ကောင်းများ၊ အစိုးရကောင်းများ ပေါ်ထွက်လာရ၍ ဖြစ်သည်။ အထူးသဖြင့် ပညာရေးအားနည်းနေသော မြန်မာနိုင်ငံတွင် လူမှုရေးဘာသာ Social Study အားနည်းနေသေး၍သာ အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြခြင်းဖြစ်သည်။ ကချင်မှာ ဖြစ်နေသည့် စစ်သည် ရန်လိုမုန်းတီးစိတ်ကို ဖြစ်စေသည်။ စစ်ခေါင်းဆောင်များမှာသာ လူမှုရေးဘာသာလေ့လာမှုအားကောင်းခဲ့လျှင် အရှုံးသာ ရှိသည့် ဤစစ်ပွဲမျိုးကို တိုက်နေမည်မဟုတ်ပါ။
တပ်မတော်သားများကို ပြည်သူများက အခွန်ပေး၍ ပြည်သူတို့၏ အသက်အိုးအိမ်ကို စောင့်ရှောက်စေသည်။ ဝန်ထမ်းများကိုလည်း ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် အခွန်ဆောင်၍ ကျွေးထားရသည်။ ရဲဝန်ထမ်းများကိုလည်း ဥပဒေစိုးမိုးရေးအတွက် အခွန်ကြပ်မတ်၍ ထောက်ပံ့ထားရသည်။ ပြည်သူတို့သည် မိမိတို့ငှားထားသော၊ ကွေ္ပျးထားသော၊ အကူအညီရယူရန် ဖွဲ့စည်းထားသော၊ လွယ်သည်လည်း ဖြစ်နိုင်သည်၊ ခက်သည်လည်း ဖြစ်နိုင်သည် အချိန်မရွေး မိမိတို့ဖြုတ်ပစ်နိုင်သော ဤဖောင်တိန်ကိုင်လက်နက်ကိုင်အဖွဲ့အစည်းများကို အဘယ်ကြောင့် စိုးရွံ့ကုန်သနည်း။ အရှင်းဆုံးအချက်မှာ မည်သူ့မှာမှ Personal Autonomy မရှိ၍ ဖြစ်သည်။ Personal Autonomy မရှိသူ့လက်ထဲ လက်နက်တပ်ပေးလိုက်လျှင် တိုင်းပြည်က ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် တရားသူကြီးလက်ထဲ ဖောင်တိန်းတစ်ချောင်းနှင့် စာရွက်တစ်ရွက်ပေးခဲ့လျှင် ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် အရာရှိကို ခုံတစ်လုံးထိုးပေးလျှင် ဘာဖြစ်သွားမလဲ စဉ်းစားစရာတောင် မလိုပါ။
စစ်တပ်က ဓားပြလို သောင်းကျန်းမည်၊ ရဲဝန်ထမ်းများက ငတက်ပြားဂိုဏ်းဝင်များ ဖြစ်ကုန်မည်၊ အစိုးရအရာရှိများလည်း အရက်သမားအဆင့်ထက် မကျော်နိုင်ဖြစ်မည်၊ ပြည်သူတို့ကလည်း တန်သည်မတန်သည် သင့်သည် မသင့်သည် စဉ်းစားမနေတော့ဘဲ ဝမ်းစာရေးအတွက် လုပ်ချင်ရာလုပ်မည်ဆိုလျှင် Personal Autonomy မရှိတော့။ ဤကဲ့သို့ စည်းကမ်းမရှိသည့် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီထွန်းကားအောင် မည်သို့လုပ်ရမည်နည်း။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ စစ်သားတိုင်း၊ ရဲတိုင်း၊ အရာရှိတိုင်း၊ ဥပဒေဝန်ထမ်းတိုင်း၊ တရားသူကြီးတိုင်း၊ ပြည်သူတိုင်းက မိမိကိုယ်ကို ဆောက်တည်နိုင်မှုကို ဆိုလိုစေချင်သည်။ ၂၀၀၈ -ခု ဥပဒေမှာမျိုး စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးပြီး ပြည်သူများကို အသက်ရှု၍ရရုံလေး ဖိနှိပ်ထားသည့်ဥပဒေကဲ့သို့ မဖြစ်စေလိုပါ။
ထို့ကြောင့် Personal Autonomy ကို လေ့လာသင့်သဖြင့် အကျယ်တဝင့် ရေးချင်သေးသည်။ ဤ၌ ဤမျှနှင့်သာ ရပ်ပါမည်။

စုမတြာကျွန်းသည် သုဝဏ္ဏဘူမိမဟုတ်
mostsaing
သုဝဏ္ဏဘူမိအချက်အချာသည် မြန်မာနိုင်ငံမှ သထုံမဟုတ်ဘဲ အင်ဒိုနီရှားနိုင်ငံမှ စုမတြာကျွန်းဖြစ်ပုံကို မဟာဗောဓိဂျာနယ်၊ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းနှင့် မြန်မာ့စွယ်စုံကျမ်းတို့မှာ ဖော်ပြသည်။ ဖော်ပြချက်အားလုံးကို အကျဉ်းရုံးလျှင် -
၁။ အိန္ဒိယကျောက်စာဘက်ဆိုင်ရာတို့က နာလန္ဒတက္ကသိုလ်နေရာဟောင်းကို တူးဖော်ကြသောအခါ ခရစ် ၉၀၀ ခု၊ သာသနာ ၁၄၄၄ ခုနှစ်ထိုး ကြေးပုရပိုဒ်၌ သုဝဏ္ဏဒွီပခေါ် စုမတြာကျွန်း၏ ဘုရင်သီရိဗလပုတ္တဒေဝမင်းသည် ရာဇဂဟဂယာစီရင်စုအတွင်း၌ ပါဝင်သော ဒေဝပါလမင်းပိုင် ရွာငါးရွာကို မိမိပိုင်သုဝဏ္ဏဒွီပမှ ရွာငါးရွာဖြင့် လဲလှယ်၍ နာလန္ဒတက္ကသိုလ်ကြီးအား လှူဒါန်းကြောင်း ရေးသားထားသည်ကို တွေ့ရခြင်း၊
၂။ ပါရာဇိကဏ်အဋ္ဌကထာ၌ 'ဒီပဿ သမန္တတော အာရက္ခံ ထပေတွာ'ကို ထောက်၍ သုဝဏ္ဏဘူမိသည် ရေပတ်လည်ဝိုင်းကျွန်းဖြစ်သည်ဟု သိရခြင်း၊
၃။ ဇာတကဋ္ဌကထာတို့၌ တာမလိတ္တိသဘောင်္ဆိပ်နှင့် သုဝဏ္ဏဘူမိသည် ယူဇနာပေါင်း (၇၀၀) ကွာဝေးသည်ဟု ပြသဖြင့် မိုင်အားဖြင့် ၁၃၉၂ မိုင်ခွဲ ရှိပြီး ယခုခေတ်သထုံနှင့် မိုင်ပေါင်း (၄၀၀)ကျော် ကွာကာ စုမတြာနှင့် မိုင်ပေါင်း ၁၄၀၀ မတိမ်းမယိမ်းရှိခြင်း၊
၎။ ရှေးဟောင်းသာသနိကအဆောက်အဦးများ ရှိခြင်း၊
၅။ ပုဂံပြည် နရပတိစည်သူမင်းလက်ထက် (သာသနာ ၁၇ - ရာစု)၌ ဆပ္ပဒမထေရ်နှင့်အတူ သီဟိုဠ်ကျွန်းမှ လိုက်ပါလာသော ရာဟုလာမထေရ်သည် မလ္လာယုကျွန်း (မလေရှား)သို့ သွား၍ ဘုရင်အား ခုဒ္ဒသိက္ခာကျမ်းကို သင်ကြားပို့ချပေးကြောင်း ကလျာဏီကျောက်စာအဆိုကို သိရခြင်း
ဟူသော အချက်(၅)ချက် ဖြစ်သည်။ ထိုနောက်ဆုံးပေါ်ပညာရှင်များသည် ဤအချက်(၅)ချက်ကို လက်ဆုပ်လက်ကိုင်ပြု၍ စုမတြာကျွန်းကို မူလသုဝဏ္ဏဘူမိအဖြစ် သတ်မှတ်ပြီး ထိုမှတစ်ဆင့် မလေးရှား၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို၊ ဗီယက်နာမ်၊ ရာမညဒေသ (မြန်မာနိုင်ငံအောက်ပိုင်း)သို့ သာသနာတော်ထွန်းကားပြန်ု့ပွားလာကြောင်း ယူဆကြသည်။ ထိုအချက်(၅)ချက်ကို အနည်းငယ် ချေပလိုသည်။
၁။ ကြေးပုရပိုဒ်၌ ပါရှိသော ပါလမင်းဆက်သည် ဘင်္ဂါလီမင်းဆက် ဖြစ်သည်။ အေဒီ ၇၃၀ မှ စတင်ပြီး အေဒီ ၁၂ ရာစုတွင် ပျက်သည်။ ဘင်္ဂလားနယ်နှင့် ဗီဟာရ်နယ်တောင်ပိုင်းကို အုပ်ချုပ်သည်။ မဟာယာနဗုဒ္ဓဘာသာဝင် ဖြစ်သည်။ နာလန္ဒတက္ကသိုလ်မှာ အေဒီ ၄၆၇ ခုမှာ နရသီဟဂုပ္ပတမင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဤတက္ကသိုလ်မှ ပဏ္ဍိတမဟာယာနဒေဝဘွဲ့နှင့် ရိုးရိုးပဏ္ဍိတ်ဘွဲ့များကို ပေးသည်။ ထေရဝါဒနှင့်ဆိုင်သည့်ဘာသာရပ်များကို မသင်ပါ။ ပါဠိဘာသာကိုတောင် အသုံးအမှတ်မပြု။ အမှန်တွင် ဤမဟာယာနအဆက်အနွယ်ရဟန်းများသည် ဒုတိယသံဂါယနာတင်ကတည်းက ထေရဝါဒနှင့် လမ်းခွဲခဲ့ကြသူများ ဖြစ်သည်။ အသောကမင်းသည် ထေရဝါဒဖြစ်၍ သထုံဗုဒ္ဓဘာသာသည်လည်း ထေရဝါဒ ဖြစ်သည်။ ပထမအချက်သည် ခုတ်ရာတခြား ရှရာတလွဲသာ ဖြစ်သည်။
၂။ ဒီပသဒ္ဒါကို တွေ့၍ သုဝဏ္ဏဘူမိကို ရေပတ်လည်ဝိုင်းနေရမည်ဟု ဆိုလျှင် ပုဂံကို တမ္ဗဒီပဟု ခေါ်သည်။ အင်ဒိုးနီးရှားတွင် ရှိသလော။ ရှင်မဟာဗုဒ္ဓဃောသကို သထုံသားဟု ယူလျှင် ရှင်းသည်။ မွန်တို့က ရေပတ်လည်ဝိုင်းကျွန်း၊ ကုန်းကမူ၊ တောင်အငူ (၃)မျိုးကို ဒီပသဒ္ဒါဖြင့်သာ ပါဠိစီသည်။ ကော့ခမိုင်ဆိုလျှင် ဘီလူးကျွန်း၊ ကော့ဘိန်းဆိုလျှင် အိုးကုန်းရွာ၊ ကော့ဂရိုင်းစေတီဆိုလျှင် တောင်အငူစေတီဟု ဆိုရသည်။ မွန်စကား 'ကော့' ကို ဒီပသဒ္ဒါဖြင့်သာ စီသည်။ သို့သော် ကော့ သည် ကျွန်းတစ်မျိုးတည်း အဓိပ္ပါယ်ရှိသည်မဟုတ်။ အရှင်သောဏအရှင်ဥတ္တရတို့ ကြွရောက်ခဲ့သော သုဝဏ္ဏဘူမိသည် လက်ရှိသထုံမဟုတ်၊ ဘီလင်းမှ ကေလာသတောင်ခြေဖြစ်ကြောင်း ကလျာဏီကျောက်စာက ဆိုသည်။ လူနေရပ်ကွက်သည် မြေပြင်၌ ရှိ၍ မင်းနေအိမ်သည် တောင်အငူ၌ ရှိသည်။ ဒီပဿ သဒ္ဒါသည် ဤတောင်အငူကို ဆိုလိုသည်။
၃။ ဤနံပါတ်(၃)အချက်ကို ရှင်းလိုလျှင် စုမတြာကျွန်းကို လက်မွန်မစွ အဆိုပြုခဲ့ကြသော အနောက်တိုင်းပညာရှင်များသည် ကပ်ကမ္ဘာအကြောင်းနှင့် ဘုရားအလောင်းတို့၏ အခန်းကဏ္ဍကို ယုံကြည်မှသာ သင့်လျှော်သည်။ ဘုရားအလောင်းသည် မဟာကပ်ပေါင်းအသင်္ချေတို့တွင် နန္ဒ၊ သုနန္ဒ၊ ပထဝီ၊ မဏ္ဍ၊ ဓရဏီ၊ သာဂရ၊ ပုဏ္ဏရိက ဟူသော ခုနှစ်အသင်္ချေအတွင်း၌ ဗြဟ္မဒေဝ အစရှိသော တစ်သိန်းနှစ်သောင်းငါးထောင်သော ဘုရားရှင်တို့ကို ဖူးမြော်ရပြီး ဘုရားဖြစ်ချင်စိတ် ရှိလှသဖြင့် ပါရမီဖြည့်တော်မူခဲ့သည်။ ထို့နောက် သဗ္ဗဘဒ္ဒ၊ သဗ္ဗဖုလ္လ၊ သဗ္ဗရတန၊ ဥသဘက္ခန္ဓ၊ ခန္ဓုတ္တမ၊ မာဏိတ၊ ဘဒ္ဒ၊ သဗ္ဗဘလ္လ ဟူသော ကိုးအသင်္ချေအထက်၌ ပေါရာဏသကျဂေါတမ အစရှိသော သုံးသိန်းရှစ်သောင်းခုနှစ်ထောင်သော ဘုရားရှင်တို့နှင့် ကြုံတွေ့ရပြီး နှုတ်ရောစိတ်ပါ ဘုရားဆုပန်ခဲ့သည်။ ထိုမှနောက်၌ သုမေဓာ ရှင်ရသေ့ဘဝသို့ ရောက်လာခဲ့သည်။ သုမေဓာရှင်ရသေ့ဘဝမှ စ၍ သေလ၊ ဘာသ၊ ဇေယျ၊ ရုစိယ ဟူသော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းအထက်၌ နှစ်ကျိန်ရှစ်ဆုကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာဘုရားမှစ၍ နိယတဗျာဒိတ်ကို ရလျက် ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့သည်။ ဤဘဒ္ဒကမ္ဘာ၌ပင် တေမိ စသော ဇာတ်ပေါင်း (၃၅)ဇာတ် ဖြစ်၍ ဝေဿန္တရာမင်းဘဝသို့ ရောက်ရှိခဲ့သည်။
ဒလိဒ္ဒဇာတ်၌ အသင်္ချေ(၂၀)နှင့်ကမ္ဘာတစ်သိန်းအထက်၌ ဘုရားလောင်းသည် ဂန္ဓာရတိုင်း၌ ဆင်းရဲသားဖြစ်၍ သုဝဏ္ဏဘူမိသို့ ရွှေရှာထွက်ကြောင်း ပြသည်။ ဤဘဝတွင်ပင် ဘုရားဖြစ်ချင်စိတ်ပေါ်ခဲ့သည်။ နောက်ဇာတ်တစ်ခုမှာ မဟာဇနကဇာတ်ဖြစ်သည်။ ဘဒ္ဒကမ္ဘာဖြစ်စဉ်(၃၆)အနက် နံပါတ်(၃)၊ ဇာတ်တော်ကြီးဆယ်ဘွဲ့အနက် နံပါတ်(၂) ဖြစ်သည်။ အလွန်ရှေးကျသည်။ ထို့ကြောင့် ဒလိဒ္ဒဇာတ်မှာ ပါရှိသော သုဝဏ္ဏဘူမိသည် သုမေဓာရှင်ရသေ့ဘဝကိုပင် သက်တမ်းကျော်နေပြီ။ မဟာဇနကဇာတ်မှ သုဝဏ္ဏဘူမိသည်ပင် နှစ်အသင်္ချေပေါင်းများစွာ သက်တမ်းရှိနေပြီ။ ဇာတ်တော်၌ ပါရှိသော သုဝဏ္ဏဘူမိနှင့် မွန်တို့၏ သုဝဏ္ဏဘူမိ အတူတူပင်ဟုဆိုလျှင် မှားချိမ့်မည်။ ထို့ကြောင့် ယူဇနာ (၇၀၀) ကိစ္စ ရှင်းစရာပင် မလိုပါ။
အကယ်၍ ယူဇနာ(၇၀၀)ကိစ္စကို ရှင်းရမည်ဟုဆိုလျှင်လည်း ဝန်မလေးပါ။ သထုံနှင့်တာမလိတ္တိ မိုင်(၄၀၀)ကွာနေခြင်းမှာ အဆိုပါပညာရှင်တို့က မျဉ်းဖြောင့်ပုံစံဖြင့် တိုင်းတာခဲ့ခြင်းဖြစ်သည်။ ခေတ်ဟောင်းရေကြောင်းသည် ကမ်းရိုးတန်းမှ မိုင်တစ်ရာဝေး၍ သွားလေ့ရှိမည်မထင်ပါ။ ထို့ကြောင့် ကမ်းခြေကို လိုက်၍ မျဉ်းကွေးပုံစံဖြင့် တိုင်းရမည်ဖြစ်သည်။ ယင်းသို့ တိုင်းတာခဲ့သည်ရှိသော် သထုံနှင့်တာမလိတ္တိသည် ယူဇနာ(၇၀၀)နှင့် အကိုက်ပင် ဖြစ်သည်။
၎။ ဤအချက်ကိုလည်း တလွဲတွေးကြခြင်း ဖြစ်သည်။ သထုံ၌ ရှေးဟောင်းအဆောက်အဦးမရှိ၊ စုမတြာ၌သာ ရှိသည်ဟု ဆိုကြသည်။ အဆိုပါစာရေးဆရာတို့ညွန်းပြသည့်ဗောရောဗုဒုရ်စေတီ၊ စန္ဒီမင်ဒွတ်အစရှိသော သာသနိကအဆောက်အဦးများသည် စုမတြာကျွန်း၌ ရှိသည်မဟုတ်၊ ဂျားဗားကျွန်း၌ အေဒီ(၈)ရာစုနောက်ပိုင်းတွင်မှ တည်ဆောက်ထားသော သာသနိကအဆောက်အဦးများ ဖြစ်သည်။ ထိုစဉ်က စုမတြာနှင့်ဂျာဗားတို့သည် သီးခြားနိုင်ငံများဖြစ်ကြသည်။ ပျူနှင့်မွန်ကို ရောကုန်သလိုမျိုး ဖြစ်သည်။ ထူးဆန်းသည်မှာ စေတီဘုရားကျောင်းကို စန္ဒီဟု ခေါ်ကြသည်။ သူတို့သည် ဗုဒ္ဓဘာသာမဖြစ်ခင် ဟိန္ဒူများဖြစ်ခဲ့ကြောင်းထင်ရှားသည်။ ထို့ပြင် ဤစေတီတော်များသည် ထေရဝါဒအဆောက်အဦးများမဟုတ်ဘဲ မဟာယာနနှင့်ဟိန္ဒူအမွေအနှစ်များသာ ဖြစ်သည်။ သာသနိကအဆောက်အဦးမရှိဟု သူတို့ပြောနေသော သထုံဒေသသည် အေဒီ (၃)ရာစုရှေးဟောင်းပစ္စည်းများကို တွေ့ရှိရသော ဒေသ ဖြစ်သည်။ ကျိုက်ထီးဆောင်း မြေထိုးစက်နှင့် ကြိတ်မိ၍ ကွဲထွက်လာသော ကျောက်ပြားတစ်ခု၌ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာ ပါရှိသည်ကို စာရေးသူတို့ မြင်တွေ့ရသည်။ ယင်းမွန်ပါဠိသည် အင်ဒိုရှိဘယ်သာသနာ့ပစ္စည်းထက်မဆို ရှေးကျသည်။ တတိယသံဂါယနာခေတ် သုဝဏ္ဏဘူမိသာသနာပြုသင်္ကေတဖြစ်သော မနုဿီဟရုပ်သည် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသည်။ ထို့ကြောင့် သူတို့သုဝဏ္ဏဘူမိအဆိုသည် ယုတ္တိမတန်ချေ။
၅။ သူတို့ထောက်ပြသည့်အချက်များတွင် ဤနောက်ဆုံးအချက်သည်သာ ထေရဝါဒနှင့် တိုက်ရိုက်သက်ဆိုင်သည်။ သို့သော် ဤအချက်ကို ကလျာဏီကျောက်စာမှ ယူသည်ဖြစ်၍ သုဝဏ္ဏဘူမိသည် ဘီလင်းရှိကေလာသတောင်ဖြစ်သည်ဟု ကလျာဏီကျောက်စာမှာပင် ဖော်ပြပြီဖြစ်၍ သူတို့အဆို ပျက်ပြယ်ပြီသားဖြစ်သည်။ ဤအချက်ဖြင့် ထေရဝါဒသည် အင်ဒိုနီရှားမှ မြန်မာသို့ ပျံ့နှံ့ခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံမှ မလေရှားသို့ ပြန့်ပွားခဲ့ခြင်းသာ ဖြစ်သည်။
စာရေးသူ ဤထက် အသေးစိတ် ဆွေးနွေးနိုင်သည်။ ဤ၌ ဤမျှသာ ရပ်ပါရစေ။ လိုရင်းတိုရှင်းပါ။

Subscribe to:
Posts (Atom)