Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၆)

...အာဏာရှင်တွေနဲ့အစည်းအဝေး
အာဏာရှင်ဆန်တဲ့အဖွဲ့အစည်း၊ပါတီ၊ အစိုးရမှာ အစည်းအဝေးဆိုတာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။ အာဏာချုပ်ကိုင်ထားတဲ့လူက သူဘာကြိုက်လဲ သူ့လူတွေကို ပြောပြထားပြီးသား။ သူ့လူတွေကလည်း သူ့ဆန္ဒကို လွန်ဆန်ပြီး ဘာမှ မပြောရဲကြဘူး။ ပုံမှန်အားဖြင့် အစည်းအဝေးဆိုတာ ရုပ်ပြပါပဲ။ စစ်အစိုးရကျင်းပတဲ့အမျိုးသားညီလာခံကိုကြည့်။ ဆွေးနွေးရမယ့်ခေါင်းစဉ်တွေကို ဦးအောင်တိုးက ရေးပေးပြီးသား။ ဒါကို ဗိုလ်ချုပ်အချို့က အတည်ပြုပြီးသား။ ဒါကိုပဲ ကိုယ်စားလှယ်တွေကို ဝေငှပြီးတော့ ဖတ်ခိုင်းတာပဲ။ တော်လှန်ရေးသမားတွေလည်း ဒီမိုကရေစီတိုက်ပွဲအတွက် တိုက်နေပါတယ်ဆိုပေမယ့် အချို့ အစည်းအဝေးမတိုင်ခင် အချင်းချင်းညှိပြီး ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်နေတတ်တယ်။ မဲဆန္ဒတွေကို ကြိုလုပ်ထားလေ့ ရှိတယ်။ အဖွဲ့ဝင်တွေရဲ့သဘောထားတွေကို တီးခေါက်ထားလေ့ရှိတယ်။ သဘောထားတိုက်ဆိုင်တဲ့လူဆိုယင် အဖွဲ့ဝင်မဟုတ်ယင်တောင် လေ့လာသူအဖြစ် တက်စေလေ့ရှိတယ်။ မဲခွဲဖို့ လိုအပ်တဲ့အခါ အဲဒီလူတွေကိုလည်း မသိမသာ ပါဝင်စေလေ့ ရှိတယ်။ အချို့အဖွဲ့ဝင်တွေက ဒီနည်း အဆင်မပြေမှန်း သိပေမယ့် အဲဒီလူနဲ့အဆင်မပြေဖြစ်မှာထက် ခေါ်လာတဲ့ပုဂ္ဂိုလ်ကြီးနဲ့ အဆင်မပြေမှာစိုးလို့ ထမပြောတော့ပါဘူး။ တကယ်လို့ သဘောထားမတိုက်ဆိုင်တဲ့ လူဆိုယင် အကြောင်းတစ်ခုခုပြပြီး ဖြောင်ထားလေ့ ရှိပါတယ်။ အချို့အတင့်ရဲတဲ့ အာဏာရှင်ပေါက်စတွေက သိပ်အထာမညက်သေးလို့ ကိုယ်နဲ့မတည့်တဲ့အဖွဲ့ဝင်တွေကို ပြောင်မဖိတ်ဘဲ ထားပါတယ်။
တစ်ခါတလေ ဇာတ်တိုက်ထားပေမယ့် အလွဲလွဲအချော်ချော်ဖြစ်လို့ရှိယင် အစည်းအဝေးကို ရွှေ့ဆိုင်းတာမျိုး၊ သူပဲ ပေါ်ပင်ကိုင်တာမို့ မရေးမှတ်မိပဲ မေ့ကျန်ခဲ့သလိုမျိုး၊ အစည်းအဝေးဆုံးဖြတ်ချက်ကို မချဖြစ်အောင် အကြံထုတ်တာမျိုး လုပ်တတ်ပါတယ်။ လုံးဝတားလို့မရတော့တဲ့အချိန်မျိုးမှာဆိုယင် လုပ်ကြပါ၊ ကောင်းယင် လက်ခံပါတယ်၊ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ် ထောက်ခံသလိုလို ခြိမ်းခြောက်သလိုလို အပေါ်စီးနဲ့ ပြောတတ်တယ်။ ပြီးတော့ အဲဒီထူးခြားဆုံးဖြတ်ချက်ကို မသိကျိုးကျွံပြုတာတို့၊ အလွဲလွဲအချော်ချော်ဖြစ်အောင် လုပ်တာတို့ အမျိုးမျိုးအနှောင့်အယှက်ပေးလေ့ ရှိတယ်။
အာဏာရှင်မှန်း အသိသာဆုံးအချက်တစ်ချက်ကတော့ အဲဒီအာဏာရှင်ဟာ သူဘာရာထူးကိုပဲရရ ထိပ်ဆုံးက စားပွဲကို ယူထိုင်တတ်တယ်။ သူက ဗဟိုချက်ကို ယူထားတတ်တယ်။ သူ့အထက်အရာရှိတွေ ဘယ်ချောင်ရောက်နေနေ သူဂရုမစိုက်ဘူး။ ရွေးကောက်ပွဲမှာ ပိုပြီး ရုပ်ပျက်ပါတယ်။ သူ့ကိုတောင် မရွေးရသေးဘူး။ သူက သူ့စားပွဲကို သူ့ဟာသူ ရွေးထားနှင့်ပြီ။

No comments: