Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၇)

...ခြိမ်းခြောက်တယ်လို့ မထင်ဘူး
သူတို့ရဲ့အတွေးအခေါ်က စေတနာ အဓိက၀ါဒပဲ။ သူတို့စေတနာက လူမျိုးကောင်းစားရေးအတွက်ပဲမို့ သူတို့လုပ်သမျှ တရားမျှတတယ်လို့ ခံယူထားတယ်။ လူတစ်ယောက်ကို ခြိမ်းခြောက်မိယင် ဒါမှမဟုတ် စော်ကားမိယင် အဲလိုမျိုး အလွန်အကျွံလုပ်မိလို့ လူထုက နည်းနည်းသတိထားမိလာယင် ကျွန်တော်တို့က ကြမ်းချင်တာမဟုတ်ဘူး၊ ကြမ်းဟန်ဆောင်တာပါ။ လူတွေက တစ်ခါတလေ ကြမ်းပြမှ ရတယ်လေ…ဆိုပြီး မိကျောင်းမျက်ရည်ကျပြလေ့ ရှိတယ်။ အဓိပ္ပါယ်က သူတို့မှာ လူရိုက်ခွင့်လိုင်စင်ရှိသယောင်၊ လူဆဲခွင့်လိုင်စင်ရှိသယောင် ပုံဆောင်ထားတယ်လို့လား။
အာဏာရှင်တွေက လူစုလူဝေးကို မကြိုက်ဘူး။ စစ်အစိုးရကိုကြည့်။ လူငါးယောက်မစုရတဲ့။ ဒါပေမယ့် သူ့အတွက်စုယင် ရတယ်။ အယောက်တစ်သိန်းလား တစ်သန်းလား စုပါ။ အာဏာရှင်တွေက ပါတီများများပေးလေ့ ရှိတယ်။ သူ့နောက်လိုက်တွေကို ၀ဖြီးနေအောင် ကျွေးထားလေ့ရှိတယ်။ သူ့ဆန်စားရဲမှတော့ ဆိုပြီး သူ့တပည့်တွေကလည်း ကျေးဇူးပြန်ဆပ်ရမှန်းနားလည်ပြီးသား။ သူ့အတွက်ဆိုယင် သူ့တပည့်တွေက လူသေကိုတောင် အပုပ်ချရမလား အမနာတမ်း ချပြလေ့ရှိတယ်။
သူ့အိမ်မှာ လူစုယင် သူက ပျော်ပါတယ်။ တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးရဲ့အတင်းကို ပြောကြယင်လည်း အပြစ်မရှိပါ။ ဒါပေမယ့် ဘယ်အိမ်မှာ ဘယ်သူတွေစုနေကြတယ်ဆိုယင် သူမနေတတ်တော့ပါဘူး။ သူ့အတင်းကို ပြောနေကြတယ်လို့ ထင်ပါတယ်။ ဘယ်အိမ်မှာ ဘယ်သူတွေ စုနေကြတယ်၊ အဖွဲ့မကောင်းကြောင်းတွေ ပြောနေကြတယ်၊ ဒီလူတွေ အဖွဲ့ကို တိုက်ခိုက်နေကြတယ်။ သူက အဖွဲ့ကို ကာကွယ်နေရတယ်။ လူတွေက သူ့ကို မနာလို ဖြစ်နေကြတယ်။ သူ့ကို ရန်လုပ်နေကြတယ်။ တစ်ခါတရံ အထက်လူကြီး မျက်နှာသာရအောင် သူလည်း စိတ်ပျက်ဟန်ဆောင်လေ့ ရှိတယ်။ ဒီအလုပ် မလုပ်ချင်တော့ဘူး၊ နားတော့မယ်၊ ကျွန်တော်မရှိလည်း လုပ်နိုင်တဲ့လူ အများကြီးပဲ၊ ကျွန်တော်လုပ်တာထက်တောင် ပိုကောင်းချင်ကောင်းနေမှာ ဒီလို ပြောတတ်တယ်။ သူ့ကို ဟုတ်တယ်လို့ သွားမဖြေမိစေနဲ့။ မှားသွားမယ်။
အာဏာရှင်တွေရဲ့သရုပ်သကန်တွေထဲမှာ ပြိုင်ဖက်ကို အမြဲတမ်းရှာနေလေ့ ရှိခြင်းပါပဲ။ ပုံမှန်အားဖြင့် သူ့ရဲ့ပြိုင်ဖက်က သူ့ကို မသိပါဘူး။ ဟိုဘက်လူက အေးအေးဆေးဆေးနေလေ့ ရှိပါတယ်။ အမှန်မတော့လည်း တစ်ဖက်လူက ပြိုင်ချင်တာလည်းမဟုတ်၊ ပြိုင်နေတဲ့လူလည်းမဟုတ်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးမပြေလည်မှုကလေးတစ်ခုရအောင် အာဏာရှင်တွေက ကြံဖန်လေ့ ရှိပါတယ်။ ပြီးတော့ လူတွေ သူ့ကို သနားအောင် လုပ်ပါတော့တယ်။ သူက ဟိုလူ့အပေါ် ဒီလောက် အနစ်နာခံတာ၊ ကောင်းအောင် နေပေးတာတောင် သူ့အပေါ်ရက်စက်တယ်ပေါ့။ သူ့ပရိသတ်ဘက်က တုန့်ပြန်မှုကလေး ရလာယင် သူ့ဇာတ်လမ်းကို အစပျိုးပါတော့တယ်။ သူက ပြဿနာအမျိုးမျိုးရှာလာတယ်။ ခြိမ်းခြောက်တယ်။ ဒါပေမယ့် သူ့ပရိသတ်တွေက ဒါ တရားမျှတတယ်လို့ ယူဆကြတယ်။

No comments: