Wednesday, July 11, 2012

ပြည်ထောင်စုတပ် လိုအပ်နေဆဲ

mostsaing
လက်ရှိအစိုးရအနေအထားဟာမှာ ဒုသမ္မတက ဦးမြင့်ဆွေ ဖြစ်လာစရာရှိလို့ သမ္မတသိန်းစိန်က အစိုးရအဖွဲ့တွင်းမှာ အပြောင်းအလဲ အနည်းငယ် လုပ်ရပါတယ်။ ကြည့်ရတာ အရေးကြီးလို့ သူ့လက်စွဲတော် ဦးအောင်ကြည်နဲ့ ဦးအောင်မင်းကို အနားမှာ ခေါ်ထားချင်ပုံရတယ်။ သမ္မတသိန်းစိန်အနေနဲ့ ဒါတွေကို လုပ်သင့်လုပ်ထိုက်ပါတယ်။

တပ်မတော်မီဒီယာများကို လေ့လာကြည့်ယင် လက်ရှိတပ်မတော်ဟာ ပြည်သူများကို ရန်သူသဖွယ် သဘောထားနေဆဲဖြစ်ကြောင်း တွေ့ရမှာဖြစ်တယ်။ တပ်မတော်လို့ဆိုတယ့်နေရာမှာ သာမန်အကြပ်တပ်သားများကို ဆိုလိုတာ မဟုတ်ဘဲ အရာရှိကြီးမျာကိုပဲ ပြောလိုရင်းဖြစ်တယ်။ သူတို့ဟာ ပြည်သူတို့နဲ့ ရင်းရင်းနှီးနှီးနေယင် ခန့်ညားမှု အားနည်းမှာကို စိုးကြောက်နေပုံလည်း ရတယ်။ သူတို့ကို မချစ်သော် နေပါစေ၊ ကြောက်နေမှ တော်ကာကျမယ်လို့ သဘောထားပုံ ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များကိုတော့ ပြည်တွင်းရန်သူများလို့ သူတို့သဘောထားပါတယ်။ သူတို့လူတွေကလည်း အဲဒီလိုပဲ ရည်ညွှန်းကြပါတယ်။ ပြည်တွင်းရန်သူများကို အရင်ရှင်းရမယ်လို့ ဆိုပါတယ်။ ဒီရပ်တည်ချက်ဟာ ဒီကနေ့အထိ မပြောင်းလဲသေးပါ။ တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့ အင်မတန်ဝန်လေးကြပါတယ်။ တိုင်းရင်းသားများကို တန်းတူသဘောမထားနိုင်ကြပါ။ လူမျိုးစွဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားပါနဲ့ လို့ ပြောယင်လည်း လူမျိုးနောက်ခံ၊ ပါတီနောက်ခံ၊ အဖွဲ့နောက်ခံ၊ ပုဂ္ဂိုလ်ရေးနောက်ခံမရှိဘဲ ဗမာပြည်မှာ ဘာမှ လှုပ်လို့ မရသေးပါဘူး။

အမြဲတမ်းပြောနေကျတစ်ခုကတော့ တပ်က ဥပဒေကနေ သီးခြားရပ်တည်နိုင်စွမ်း ရှိတာကိုပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ သိန်းစိန်တို့ ဆော်သြနေကြတယ့်အချိန်မှာ ဗမာတပ်မတော်ကို ဥပဒေပြင်ပမှာ ရပ်တည်ခွင့် ပေးထားပါတယ်။ ဒါတွေဟာ ခြောက်ပြောတာ မဟုတ်ပါ။ အခြေခံဥပဒေအရ လွှတ်တော်တိုင်းမှာ (၂၅)ရာခိုင်နှုန်း ရထားတယ်၊ အစိုးရအဖွဲ့မှာ နယ်စပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေးကို ကိုင်ထားခွင့် ရထားတယ်၊ ဒုသမ္မတတစ်ဦး ရှယ်ယာရထားတယ်။ ဒါက နည်းနည်းနောနောမှ မဟုတ်တာပဲ။

တကယ်လို့ တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဌာန်းခွင့် မပေးနိုင်ဘူးဆိုပါတော့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ နိုင်ငံရေးဦးစီးနဲ့ စစ်ရေးဦးစီးနှစ်ခု ခွဲခြားထားလေ့ ရှိတယ်။ နိုင်ငံရေးဦးစီးအဖွဲ့ကို နိုင်ငံရေးပါတီ ဖွဲ့ခိုင်းယင် စစ်ရေးဦးစီးကို ပြည်နယ်လွှတ်တော်တွေမှာ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ (၂၅)ရာခိုင်နှုန်း ရနိုင်ပါသလား။ ပြည်နယ်ရဲတပ်ဖွဲ့ကို တိုင်းရင်းသားတွေလက်ထဲ ထည့်ပေးနိုင်ပါသလား။ ဒါတွေတောင် စိတ်ကူးယဉ်လို့ မရလောက်ပါ။

ပြည်နယ်တစ်ခုရဲ့ လုံခြုံရေး၊ ပြည်တွင်းရေး၊ နယ်စပ်ရေးရာ (ကာကွယ်ရေးကို မဆို)မှာ ဗမာ့တပ်မတော်ကပဲ ကိုင်ထားယင် ရိုဟင်ဂျာလို ပြဿနာမျိုးမှာ ပြည်နယ်ရှိတိုင်းရင်းသားလူမျိုးများက ဘာမှ စွပ်ဖက်လို့ မရကြပါဘူး။ လက်ပိုက်ကြည့်နေရတာက ကိစ္စမရှိပေမယ့် ဗဟိုအစိုးရဆုံးဖြတ်ချက်က ဒေသခံကို ဘယ်လောက်ပဲ ထိခိုက်နေပစေ ပြောပိုင်ခွင့်မရှိပါဘူး။ အဆိုပါ ဗဟိုအစိုးရက ဗမာလူမျိုးများကို ကိုယ်စားမပြုကြောင်း ဗမာလူမျိုးများက ငြင်းကြပေမယ့် သူတို့ငြင်းချက်က အဓိကမဟုတ်ပါ။ အဆိုပါအစိုးရကို တိုင်းရင်းသားတွေက ဘယ်လိုသဘောထားလဲအပေါ်မှာပဲ မူတည်ပြီး သံသယအကြီးအငယ်ကို ခန့်မှန်းရပါလိမ့်မယ်။

ပြည်ထောင်စုစိတ်ဓာတ်သည်သာ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည် ဆိုပြီး အစိုးရက ဝါဒဖြန့်လေ့ရှိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို ကွဲကွဲပြားပြား အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါဘူး။ ဗမာမှုပြုခြင်းကို ပြည်ထောင်စုစိတ်ဓာတ်လို့ အများစုက ယူဆကြပါတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဗမာစကားကို ပြောမယ်၊ ဗမာစာကို သုံးမယ်၊ ဗမာ့ယဉ်ကျေးမှုကို မြတ်နိုးမယ်၊ ဗမာ့အာဗမာ့လျှာကို အတုခိုးမယ်၊ ဗမာတွေနဲ့ညားမယ်၊ ဗမာတွေ ပြောသလို နေမယ် ဒီလိုစိတ်ဓာတ်မျိုးကို ပြည်ထောင်စုစိတ်ဓာတ်လို့ ထင်နေကြမှာပါ။ အထူးသဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲမှာ ဒီလိုပဲ မှတ်ယူထားကြပါတယ်။

ဗမာအချို့မှအပ အခြားဗမာများ၊ ဗမာမှအပ အခြားလူမျိုးများက ဗမာမှုပြုခြင်းကို ပြည်ထောင်စုစိတ်ဓာတ်လို့ မယူဆကြပါဘူး။ လူမျိုးတိုင်းရဲ့ စကား၊ စာ၊ ယဉ်ကျေးမှု အစရှိသည်တို့ဟာ ဗမာတွေလိုပဲ အဆင့်တူကြတယ်လို့ ယူဆကြပါတယ်။ လွတ်လပ်ရေးတိုက်ယူတုန်းက အတူတူ တိုက်ခဲ့ကြသလို လွတ်လပ်ရေးအသီးအပွင့်ကိုလည်း အတူတူ ခံစားလိုကြပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဗမာစကား၊ ဗမာစာ၊ ဗမာ့ယဉ်ကျေးမှု စည်ပင်ပြန့်ပွားလာသလို သူတို့စကား၊ စာ၊ ယဉ်ကျေးမှုတို့ကိုလည်း နည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုကြပါတယ်။ အုပ်ချုပ်ရေးမှာ ဗမာများ နေရာရသလို သူတို့လည်း ပြည်ထောင်စုဝန်ကို ထမ်းလိုကြပါတယ်။ ဒါတွေကို ပြည်ထောင်စုစိတ်ဓာတ်လို့ သူတို့မြင်ကြပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးအတွက် ဗမာလူမျိုးကို မုန်းတီးစရာမလိုပါ။ ပင်လုံစာချုပ်ကို ဗမာ့ခေါင်းဆောင်များက ဦးစီးပြီး ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ရှိတယ့်ဗမာများကို အားပေးထောက်ခံဖို့ လိုပါတယ်။ လူများစုဗမာလူမျိုးများ သဘောမတူဘဲနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ဆောက်လို့ မရပါ။ ဗမာမပါဘဲ ခွဲပြီး ထူထောင်လိုကြပါလိမ့်မယ်။ ခွဲပြီး ထူထောင်ခြင်းမှာ ဗမာတွေနဲ့ ညှိုပြီး ထူထောင်တာထက် ပိုခက်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာခဲ့ယင် ဗမာများအတွက် အခွင့်အရေးတပြားသားမှ လျှော့ကျမသွားဘဲ အခြားလူမျိုးများလို အခွင့်အရေးအပြည့်အဝနဲ့ လွတ်လပ်ရေးအရသာကို ခံစားစံစားနိုင်ကြမှာဖြစ်တယ်။ ဒါကို ဗမာများ နားလည်ကြဖို့ လိုပါတယ်။

ဒါပေမယ့် လက်ရှိအစိုးရမှာ စစ်အစိုးရအမွေကို လက်ဆင့်ကမ်း ခံယူထားတယ့် အစိုးရ ဖြစ်တယ်။ အထူးသဖြင့် ၁၉၆၂ ခုကတည်းက ဗမာမှုဝါဒီအဆက်ဆက်တို့ရဲ့ အဆက်အနွယ်များ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းရင်းသားတို့နဲ့ လက်ရေတပြင်တည်း စားနိုင်ကြသူများ မဟုတ်တော့ပါ။ ဒါကို နားလည်ထားကြရပါမယ်။ သူတို့ဟာ ဗမာမှုပြုခြင်းကို ပြည်ထောင်စုစိတ်ဓာတ်လို့ လက်ခံကြသလို ကိုယ်ပိုင်ပြဌာန်းခွင့်ကို ခွဲထွက်ခြင်းလို့ အဓိပ္ပါယ်တလွဲ ကောက်ကြသူများ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်များ ဦးစီးကျင်းပမယ့် ပင်လုံကဲ့သို့ ညီလာခံဟာ သံသယများစွာ ပြည့်နှက်နေတယ့် နောက်ထပ်လုပ်ကြံမှုတစ်ခု ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားတို့နဲ့ အပစ်ရပ်အောင် အများကြီး စွမ်းဆောင်နိုင်တယ့် ဦးအောင်မင်း သမ္မတရုံးကို ရောက်မယ်လို့ သတင်းထွက်တာကို ကြိုဆိုချင်ပါတယ်။ သမ္မတသိန်းစိန်ဟာ ကွက်ကျော်မြင်သူဆိုတာ သေချာသွားပါတယ်။ တိုင်းရင်းသားရေးရာကို ဖိဖိစီးစီး လုပ်ချင်ပုံ ရပါတယ်။ ကြည့်ရသလောက် ဆွေးနွေးချက်များကို တိုင်းရင်းသားများက မီဒီယာများကို ထုတ်ပြောတော့ ဦးအောင်မင်းက ကျွဲမြီးတိုခြင်း မရှိခဲ့ပါဘူး။ နောက်ပြီး ဦးအောင်ကြည်ကို ပြန်ကြားရေးပို့တာလည်း ကောင်းတယ့်အလားအလာတစ်ခု ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့ကို ရီပို့လုပ်တယ့်နေရာမှာ စာနယ်ဇင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။ သူ့ဦးဆောင်မှုအောက်မှာ ပြန်ကြားရေးက များစွာ တိုးတက်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဦးမြင့်ဆွေ၊ ဦးကျော်ဆန်း၊ ဦးတင်အောင်မြင့်ဦးတို့ (၃)ဦးဂိုဏ်း မီဒီယာလောကနဲ့ အလှမ်းဝေးသွားတာဟာ အင်မတန်ကောင်းတယ့်ကိစ္စ ဖြစ်ပါတယ်။ စာရေးသူ သုံးသပ်ချက်တွေဟာ မှားယင်လည်း မှားခဲ့မှာပါ။ ဒါပေမယ့် ဒီအပြောင်းအလဲကို နည်းနည်းသဘောကျပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာလည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမဟုတ်ပါဘူး။ အထင်ကရ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလုပ်ငန်းစဉ်ကနေ ဖယ်ရှားထားခြင်းမှာ လျှော်ကန်သင့်မြတ်မှု လုံးဝမရှိပါဘူး။ လက်ရှိအနေအထားအရ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးစီးနိုင်တယ့်အနေအထား ဒေါ်အောင်ဆန်းစုကြည်မှာ မရှိသေးပါ။ အမျိုးသားပြန်လည်စည်းလုံးရေးကို အမှန်တကယ် ဦးစားပေးတယ်ဆိုယင် ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တယ့်ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ ပြည်ခိုင်ဖြိုးနဲ့စစ်တပ် အရေးကြီးသလို ဒေါ်အောင်ဆန်းစုကြည်လည်း လူထုခေါင်းဆောင်ဖြစ်လို့ အဆင့်အတန်းရှိရှိ ပါဝင်နိုင်မှပဲ ပြီးပြည့်စုံနိုင်ပါ့မယ်။

အထူးသတိထားရမှာက တိုင်းရင်းသားတွေအနေနဲ့ ခေါင်းနဲ့ပန်း လှန်းတယ့်နေရာမှာ ခေါင်းကျယင်လည်း စားရဖို့ မသေချာပါ။ ပန်းကျယင်လည်း စာရဖို့ မသေချာပါဘူး။ ဒေါင်လိုက်ကျမှပဲ စားရကိန်းကြုံတတ်ရာ ကံကြမ္မာကို ယုံစားလို့မရပါ။ ပြင်ဆင်စရာရှိတာလေးတွေကို ပြင်ဆင်ထားရပါ့မယ်။ စစ်တပ်က တိုင်းရင်းသားတွေကို ပြည်တွင်းရန်သူများလို့ သဘောထားခဲ့ယင် စစ်တပ်ကိုလည်း ရန်သူလို့ သဘောမထားပေမယ့် ရန်သူလိုပဲ ဆက်ဆံရပါလိမ့်မယ်။ မိမိကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားရပါ့မယ်။ အဲဒီလိုပြင်ဆင်တယ့်နေရာမှာ တိုင်းရင်းသားများအားလုံး စုပေါင်းပြီး ပြည်ထောင်စုတပ်မတော်တစ်ခု ထူထောင်ခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်။

အဘယ်ကြောင့် ပြည်ထောင်စုတပ်မတော်တစ်ရပ် လိုအပ်ပါသလဲ။ လူသတ်ဖို့ မဟုတ်ပါဘူး။ တိုင်းရင်းသားတို့ရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ပါ။ ဖက်ဒရယ်ပြည်ထောင်စုဥပဒေကို ကာကွယ်ဖို့ပါ။ ပြည်ထောင်စုတပ်ဟာ ဖက်ဒရယ်အုပ်ချုပ်ရေးမှာ မပါဘဲ ဖက်ဒရယ်အစိုးရ၊ ဖက်ဒရယ်ဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုသားတို့ကို အကာအကွယ်ပေးတယ့် ကာကွယ်ရေးတာဝန်ကိုပဲ ထမ်းဆောင်ကြောင်း ဗမာ့တပ်မတော်ကို ပညာပေးပြီး လမ်းမှန်ကို ရောက်စေနိုင်မှာဖြစ်ပါတယ်။ အဖဂန်နစ္စတန်လို မြောက်ပိုင်းမဟာမိတ်များလိုပါ။ တောင်ပိုင်ဆူဒန်လို တပ်ပေါင်းစုတစ်ခုလိုပါ။ ဒါပေမယ့် ပြည်ထောင်စုစိတ်ဓာတ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းရမှာဖြစ်တယ်။ ဒါမှ ပြည်နယ်ပြည်မ အင်အားချိန်ခွင်လျှာ မျှပါလိမ့်မယ်။

ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ခြင်းကြောင့်...

၁။ တိုင်းရင်းသားနယ်မြေတွေမှာ ဗမာ့တပ်မတော်က စိတ်တိုင်းကျ လှုပ်ရှုားလို့ မရတော့ပါဘူး။

၂။ တိုင်းရင်းသားတို့ဟာ မိမိတို့လူနေမှုဘဝ တိုးတက်ရေးအတွက် အနှောင့်အယှက်ကင်းစွာ ထူထောင်နိုင်ကြပါလိမ့်မယ်။

၃။ တိုင်းရင်းသားတို့ဟာ ပြည်ထောင်စုတပ်မတော်နဲ့ ပြည်ထောင်စုအုပ်ချုပ်ရေးမှာပဲ ဗမာစာ၊ ဗမာစကားကို သုံးစရာလိုပြီး မိမိတို့ဌာနေမှာ မိမိတို့ရဲ့ စာပေယဉ်ကျေးမှုကို လောင်းရိပ်ကင်းကင်းနဲ့ ရှင်သန်စေနိုင်မှာဖြစ်တယ်။

၎။ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နဲ့ ပြည်ထောင်စုတပ်မတော်တစ်ခု ရှိပြီး ဖြစ်လို့ ဖက်ဒရယ်နိုင်ငံထူထောင်တယ့်အခါ ဒါတွေဟာ အကောင်းဆုံးအခြေခံအုတ်မြစ်များ ဖြစ်လာပါလိမ့်မယ်။

၅။ ပြည်ထောင်စုသယံဇာတအရင်းအမြစ်များမှာ တိုင်းရင်းသားဒေသတွေမှာပဲ ရှိလို့ လုံခြုံရေးပေးနိုင်ခဲ့ယင်  ပြည်ပရင်းနှီးမြှုပ်နှုံလည်း ဝင်လာစရာ ရှိတယ်။

ဒါတွေအားလုံး ဖြစ်မြောက်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒါတွေကို ဖြစ်အောင် မလုပ်နိုင်ယင် လက်ရှိ ၂၀၀၈ ဥပဒေအတိုင်း သွားယင်လည်း ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်မြောက်ဖို့ လွယ်မယ်မထင်ပါ။ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်ဖို့ စောင့်မျှော်နေရုံနဲ့ မဖြစ်ပါ။ ဆွေးနွေးနေရုံနဲ့လည်း မပြီးပါ။ ပင်လုံရှိပြီသားဖြစ်လို့ ဒုတိယပင်လုံ မလိုပါ။ ၂၀၀၈ ဥပဒေဘောင်ထဲ ဝင်ခြင်းမှာ ညှိုနှိုင်းခြင်းမဟုတ်ပါ။ အရှုံးပေးခြင်းသာ ဖြစ်တယ်။ ပေးသမျှယူခြင်းမှာ တော်လှန်ရေးမဟုတ်ပါ။ အပြောင်းအလဲဖြစ်မှသာ တော်လှန်ရေးလို့ ခေါ်ပါ့မယ်။

ထို့ကြောင့် မဖြစ်သေးမှန်း သိပေမယ့် တိုင်းရင်းသားတွေအတွက် ပြည်ထောင်စုတပ်မတော်တစ်ခု လိုအပ်နေဆဲပါလို့ ပြောပါရစေ။

Tuesday, July 10, 2012

ရခိုင်ပြည်အဓိကရုဏ်း ဘုန်းဘုန်းမှားချင်မှားမယ်

mostsaing
ရခိုင်ပြည်အဓိကရုဏ်းကို သုံးသပ်ကြည့်မယ်။ အန္တရာယ်ကတော့ အများသား။ ဒါပေမယ့် မိမိထင်မြင်ချက်များကို ရဲရဲဝံ့ဝံ့ တင်ပြရဲမှပဲ သူရဲဘော်ကြောင်သူ အဖြစ်မှ လွတ်ကင်းပါ့မယ်။


အခြေခံ

၁။ အစိုးရအဆက်ဆက် အသုံးမကျလို့ ရိုဟင်ဂျာ ပြဿနာ ပေါ်လာရတယ်။
၂။ ပြည်နယ်တွေကို မောင်ပိုင်စီးပြီး လူမျိုးခြားနဲ့ အဆင့်တူ သဘောထားခဲ့လို့ ရခိုင်တွေ နစ်နာခဲ့ရတယ်။
၃။ ရခိုင်မှာ အခြေခံပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့တွေမှာ တိုင်းရင်းဘာသာ မတတ်ဘဲ ပိုက်ဆံ(၁၅)သိန်း ပေးရုံနဲ့ ဘင်္ဂါလီတွေ မှတ်ပုံတင် ရနိုင်ခဲ့တယ်။ လဝကတွေ အသုံးမကျလို့ တိုင်းပြည်နစ်နာရတယ်။


တာဝန်မကင်းသူများ

ဒီအထိ အဓိကရုဏ်းဖြစ်ရအောင် ဘီဘီစီနဲ့ မြန်မာ့အသံတို့လည်း တာဝန်မကင်းကြပါ။ ဗွီအိုအေလည်း တစ်စိတ်တစ်ပိုင်း ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတယ့်အချိန်မှာ ရိုဟင်ဂျာကိစ္စကို အပူတပြင်း ရှေ့တန်းတင်လာပုံမှာ စိတ်ဝင်စားစရာ ဖြစ်တယ်။ သတင်းဌာနတွေရဲ့ အသုံးအနှုန်း မဆင်ခြင်မှုကြောင့် မလိုလားအပ်တယ့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရတယ်။


ရက်စက်မှုတစ်ခု

ရခိုင်အမျိုးသမီးငယ်တစ်ဦးကို အစ္စလာမ်ဘာသာဝင်(၃)ဦးက ပိုက်ဆံလုတယ်၊ မုဒိမ်းကျင့်တယ်၊ ပြီးတော့ လည်ပင်းဖြတ်တယ်။ မတွေးရဲစရာပါပဲ။ တွေးစေချင်ပါတယ်။ လဝကတွေ လုပ်ပေးတယ့် မှတ်ပုံတင်နဲ့ ဒီနိုင်ငံခြားသားတွေက ပြည်တွင်းက တိုင်းရင်းသူတစ်ဦးကို ရက်ရက်စက်စက် ပြစ်မှုကျူးလွန်နိုင်ပုံဟာ အံ့မခန်းပါပဲ။ မူစလင်မတစ်ယောက်ကိုများ ဒီလို လုပ်ခဲ့ယင် လန်ဒန်ကနေ ဝါရှင်တန်အထိ ဆန္ဒပြပွဲတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် သတင်းမှာ သိပ်မပါလာပါ။


(၁၀)လောင်းပြိုင် လူသတ်မှု

တောင်ကုတ်မြို့ ဆယ်လောင်းပြိုင် လူသတ်မှု ဖြစ်တော့ အမေရိကန်အစိုးရကိုယ်တိုင် ပါဝင်လာသလို လူထုခေါ်င်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဝင်ရောက်ပတ်သက်ခဲ့ရတယ်။ ဒါဟာ တာဝန်ရှိရှိနဲ့ နှစ်ဖက်စလုံးကို ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ ရည်ရွယ်ရင်းနဲ့ လူများစုက လူနည်းစုကို အနိုင်မကျင့်ရဘူးလို့ ကျေညာချက်ထုတ်ခဲ့တယ်။ ဒါပေမယ့် လေ့လာကြည့်ယင် အမေရိကန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က

၁။ ရခိုင်အမျိုးသမီး အသတ်ခံရတယ့် ကိစ္စကို သာမန်ပြစ်မှုမျိုးလို့ သဘောထားတယ်။
၂။ တောင်ကုတ်လူသတ်မှုကို အဓိကရုဏ်း မြောက်တယ်လို့ ယူဆကြပုံရတယ်။


အဓိကရုဏ်းကို ဘယ်လိုသဘောထားကြလဲ

၁။ အချို့က သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ မြင်တယ်။ အရင်တုန်းက ကုလားနဲ့ ဘုန်းကြီး၊ ဒီတစ်ခါ ကုလားနဲ့ ရခိုင်။ ဒါက အာရုံလွှဲဖို့ မူစလင်အချို့နဲ့ အစိုးရ ကျိတ်ကြံမှုတစ်ခုလို့ မြင်ကြတယ်။

၂။ အချို့ကျတော့ အဲဒီလို မမြင်ပါ။ ဒါဟာ ရခိုင်တွေအပါအဝင် အတိုက်အခံတွေရဲ့ အစွမ်းအစကို စမ်းသပ်နေတာလို့ မြင်ကြတယ်။ ရွှေဝါရောင်က စပြီး ဒီကနေ့အထိ ရခိုင်တွေရဲ့ နိုင်ငံရေးဟာ ထုထည်ကြီးမားတယ်။ မူစလင်အားနဲ့ ရခိုင်ကို သွေးတိုးစမ်းနေခြင်းလို့ မြင်ကြတယ်။ ပြီးတော့ နောက်နောင်တိုင်းရင်းသားလူမျိုးများကြား၊ အတိုက်အခံများကြား  ပြဿနာဖန်တီးဖို့ ဒါက လေ့ကျင့်ခန်းတစ်ခုသဖွယ် သဘောထားနေတယ်လို့ မြင်ကြတယ်။

၃။ အချို့မှာတော့ ဒါဟာ နိုင်ငံရေးကိစ္စမဟုတ်။ အမျိုးသားရေးကိစ္စ ဖြစ်တယ်လို့ မြင်တယ်။ အမျိုးပျောက်ရမယ့်ကိစ္စမို့လို့ ဂိုဏ်းပေါင်းစုံသံဃာတော်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၊ အစိုးရနဲ့အတိုက်အခံပါတီများ၊ စစ်တပ်အပါအဝင် ပူးပေါင်းပါဝင်ရမယ်လို့ ယုံကြည်ထားပါတယ်။


အဓိကရုဏ်းဆိုတာ နေရာတိုင်းမှာရှိ

အဓိကရုဏ်းဆိုတာ တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေး၊ ငြိမ်းချမ်းရေးနဲ့ မဆိုင်။ တစ်ဖွဲ့က အလွန်အကျွံ ပြုမူလို့ ကျန်တစ်ဖွဲ့က သည်းမခံနိုင်တယ့်အချိန်မှာ ထပေါက်ကွဲခြင်း ဖြစ်တယ်။ အမေရိကန်မှာလည်း ဖြစ်တာပါပဲ။ ဘယ်နိုင်ငံမှာမဆို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရှိယင် ဖြစ်နိုင်တာပါပဲ။ လူမျိုးချင်းလည်း တူ၊ ကိုးကွယ်တယ့်ဘာသာတရား တူခဲ့ယင်တောင် အဓိကရုဏ်း ဖြစ်နိုင်သေးတာပဲ။ ဒီတော့ အဓိကရုဏ်းဖြစ်တယ်ဆိုတာ နေရာဒေသပဲ ကွာတယ်၊ အကြောင်းအရာကတော့ သိပ်မကွာပါ။ ဒါပေမယ့် သည်းခံမှုနဲ့ ဆင်ခြင်မှုအားနည်းတယ့် အဖရိကနဲ့အာရပ်င်ငံတွေမှာ ပိုဖြစ်များပါတယ်။ ဒီနိုင်ငံတွေက သွေးစိမ်းထွက်မှ အသေမြတ်လို့ နတ်ပြည်ရောက်နိုင်တာကိုး။


ရခိုင်ကုလားအဓိကရုဏ်း လိုအပ်ပါသလား

၁။ ရခိုင်အမျိုးသမီးတစ်ယောက်ကို ခိုးဆိုးလုယက်၊ အုပ်စုလိုက်မုဒိမ်းကျင့်၊ ပြီးတော့ လည်ပင်းဖြတ်သတ်ဝံ့တယ့် မူစလင်(၃)ဦးက မည်သူ့အားကိုးနဲ့ လုပ်ခဲ့တာလဲ။ သူတို့မှာ ဘာအာမခံချက် ရှိလဲ။ ရခိုင်ပြည်မှာ နေတယ်။ ရခိုင်မှာ သူတို့မှတ်ပုံတင် ရှိခဲ့ယင်တောင် ဒုတိယအဆင့်နိုင်ငံသား (ဒါ) အခြေခံနေထိုင်သူအဆင့်ပဲ ရှိတယ်။ ရခိုင်ပြည်မှာနေပြီး ရခိုင်တွေနဲ့ တည့်အောင် ဘာကြောင့် သူတို့ မနေရမှာလဲ။ ဘာကြောင့် အဲဒီလောက် အတင့်ရဲရသလဲ။ ရခိုင်အမျိုးသမီးတစ်ယောက်ကို ဘာကြောင့် ရက်ရက်စက်စက် ပြုမူရသလဲ။ ဒီလိုလုပ်လို့ မူစလင်အသိုင်းအဝိုင်းအတွက် ဘာဂုဏ်သတင်းများ ဆောင်ကျဉ်းပေးနိုင်မလဲ။

၂။ ပြစ်မှုကျူးလွန်သူ (၃)ယောက်ကို ဖမ်းမိယင် ရခိုင်လူထု ကျေနပ်အောင် အုပ်ချုပ်ရေးအရာရှိတွေ ဘာကြောင့် မလုပ်နိုင်ရသလဲ။ ဒီမြေမှာ နေပြီး ဒီရေကို သောက်၊ ဒီလေကို ရှုရှိုက်လို့ ဒီလူတွေကို ဒုက္ခပေးယင် ခံရသူက ပေါက်ကွဲတတ်တယ်။ ဒီလူထုကို ဘာကြောင့် မထိန်းနိုင်ရသလဲ။ နောက်ပြီး မူစလင် (၁၀)ယောက်ကို သတ်မှ ဒီဒေါသကို ဖြေနိုင်တယ်ဆိုယင် နည်းလမ်းက မမှန်ပါ။ ဒေါ်အောင်ဆန်းစုကြည်စကားကြောင့် ရခိုင်က ကုလားကို အနိုင်ကျင့်နေသလို ဖြစ်တယ်၊ အမေရိကန်စကားကြောင့် ကုလားက လူယဉ်ကျေးလို ဖြစ်ပြီး ရခိုင်က ငမိုက်သားများလို့ ရှုမြင်ခြင်း ခံရတယ်။ ကုလား(၁၀)ယောက်သေတာနဲ့ မတန်ဘူးလို့ ရဲရဲဝံ့ဝံ့ ဆိုရဲပါတယ်။

၃။ အမှန်မတော့ လက်ရှိအဓိကရုဏ်းဟာ အစိုးရအတွက် လိုပါတယ်။ ဒီမုဒိမ်းမှုမျိုး ကချင်မှာ စစ်တပ်က လုပ်နေကျပါပဲ။ ဒီလိုဆယ်လောင်းပြိုင်လူသတ်မှုမျိုးကိုလည်း ရှစ်လုံးတို့စစ်တပ်က ကချင်မှာ လုပ်ဖူးနေကျပါပဲ။ ဒီအဓိကရုဏ်းမှာ စစ်တပ်က ဝါသနာပါယင် နာမည်ကောင်း ဝင်ယူလို့ရတယ်။ ဒါပေမယ့် အများထင်သလို ရဟန်းသံဃာတော်ကို ပစ်သလို ပစ်မှာ မဟုတ်။ ကိုယ့်တိုင်းရင်းသားများကို ပစ်လို့ ကမ္ဘာ့စစ်ခုံရုံး တက်ရဖူးခြင်းမရှိ၊ မူစလင်များကို ပစ်မိယင် စစ်ခုံရုံး တက်ရဖို့ ကျိန်သေတယ်။ သူတို့က သေနတ်သာ ရှိတာပါ။ သတ္တိကျတော့ ပြည်သူတွေလောက် အားမကိုးရဘူး။ နောက်ခံကောင်းသူဆိုယင် သူတို့က ဘာမှ မလုပ်ရဲဘူးမှတ်။ အခုပဲ သိန်းစိန်တို့၊ ရွှေမန်းတို့၊ မင်းအောင်လှိုင်တို့ လေတောင် မလည်ဝံ့ဘူး ဖြစ်နေတာ မတွေ့ဘူးလား။

၎။ ဒီလိုအဓိကရုဏ်းမျိုးကို ရိုဟင်ဂျာအတွက် အရေးကြီးတယ်။ အခုလောက်ဆို ဗွီအိုအေနဲ့ ဗျူးတယ့် ဒေါက်တာဆိုသူ ဘဏ်အကောင့်ထဲ ပိုက်ဆံတွေ လှိမ့်ဝင်နေလောက်ပြီ။ ရခိုင်တွေနဲ့အတူ ရိုဟင်ဂျာတွေကို ထားခဲ့လို့ မရဘူး။ ရိုဟင်ဂျာတွေအတွက် လုံခြုံမှုမရှိဘူး၊ သွားစရာနိုင်ငံမရှိ၊ နေစရာနေရာလည်း မရှိ၊ ကုလသမဂ္ဂက ဝင်ရောက်ကယ်တင်ပေးပါ၊ ဘူးသီးတောင် မောင်တောနယ်ကို ရိုဟင်ဂျာတွေကို ပေးပါ၊ စစ်တွေကို ဂျေရူစလမ်းလို မူစလင်နဲ့ ဗုဒ္ဓဘာသာ ခွဲခြမ်းပြီး အုပ်ချုပ်ရမှ ကျေနပ်မယ် ဒီလို အကွက်နဲ့ပါ။ ဒါမှမဟုတ် ထိုင်းတောင်ပိုင်းလို ဆူပူဖို့ အားယူနေပုံရတယ်။ ဒါကြောင့် မြန်မာမူစလင်များမရှိယင် ရိုဟင်ဂျာဆိုတာ အင်အားမရှိလေတော့ ဒီလိုအဓိကရုဏ်းမျိုးကို ကြံရဖန်ရပါတယ်။


စာရေးသူ မှားချင်မှားမယ်

၁။ မြန်မာမူစလင်များဟာ ရခိုင်များနဲ့အတူ အေးအတူပူအမျှ နေတတ်တယ်လို့ ပြပါ။ ဒါက အရေးကြီးပါတယ်။ မန္တလေးရှိ မူစလင်အဖွဲ့အစည်းကလည်း ဒါ အစ္စလာမ်းရဲ့ အဆုံးအမမဟုတ်ဘူးလို့ မြွက်ဟခြင်းကို ကြိုဆိုသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာရောဂါဝင်ပြီး ဒီလို ဆူဆူပူပူ လုပ်ယင် မူစလင်တွေပဲ နစ်နာမှာ မုချပါပဲ။ လက်ရှိအဓိကရုဏ်းဟာ သွေးတိုးစမ်းရုံပဲ ရှိသေးတယ်။ တကယ့်အဓိကရုဏ်းက မလာသေးဘူး။

၂။ ရခိုင်ညီနောင်တို့လည်း မြန်မာမူစလင်များနဲ့ ရိုဟင်ဂျာကို ခွဲခြားတတ်ဖို့ လိုပါတယ်။ ရိုဟင်ဂျာပြဿနာကို အမျိုးသားရေးပြဿနာအဖြစ် သတ်မှတ်ပြီး လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တိုင်းရင်းသားမိဘပြည်သူများအားလုံး စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ရမယ်။ မြန်မာမူစလင်များဟာ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သင့်တယ်။ မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့၊ မည်သည့်စကြာဝတေးမင်းမှ ရိုဟင်ဂျာကို နေရာမပေးရ၊ လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို ရခိုင်မြေတစ်လက်မ ပါသွားယင် တိုင်းရင်းသားအားလုံး လက်ထိပ်နာတတ်ရမယ်။

၃။ စစ်မှန်တယ့် ပြည်ထောင်စုတစ်ခု၊ စစ်မှန်တယ့် ဒီမိုကရေစီနိုင်ငံတစ်ခု ပေါ်ထွန်းခဲ့ယင် မြန်မာမူစလင်များကတော့ ဆက်ရှိနေဦးမယ်၊ ရိုဟင်ဂျာဆိုတာကတော့ မြန်မာမြေပုံမှာ ရှိတော့မှာမဟုတ်ဘူး။ လောလောဆယ်မှာ ပြည်ထောင်စုကလည်း အတုဖြစ်လို့ သူတို့လည်း ရောယောင်နေလို့ ရနေတာပါ။ ပြည်ထောင်စုက အစစ်ဆိုယင် ရိုဟင်ဂျာက နဂိုကတည်းက မစစ်တော့ လစ်ရပြီပေါ့။ ရခိုင်ပြည်မှာ ရခိုင်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရမှပဲ ဗိုက်အငှားနဲ့ ဓားအထိုးခံနေရတယ့်ဘဝ ကျွတ်မှာပါ။ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိယင် ဒီပြဿနာလောက်တော့ ဒေါက်တာအေးမောင်တို့ ကိုင်လိုက်တာနဲ့ ပွဲက ပြီးသွားနိုင်ပါတယ်။ ကုလားမနိုင် ရခိုင်မေး စကားပုံလည်း ရှိတာကိုး။ ရခိုင်ကို ပြည်ထောင်စုအစိုးရက နည်းနည်းဝန်းရံပေးယင် ရပါပြီ။ ရှင်းလို့ ရပါပြီ။

ဒါကြောင့် ဗမာအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအနေနဲ့ အစမ်းသပ်ခံရယင် ခံနိုင်ရည်ရှိကြဖို့၊ စိတ်ရှည်သည်းခံတတ်ဖို့၊ သူ့အမှားကနေ ကိုယ့်အမှား မဖြစ်စေဖို့၊ အဓိကရုဏ်းကို ငြိမ်းချမ်းအောင် ကိုင်တွယ်နိုင်စွမ်းရှိကြောင်း ကမ္ဘာကို ပြသဖို့က ပိုအရေးပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတယ့် ဒီလိုအချိန်မျိုးမှာ အသုံးမကျတယ့် ကုလား(၃)ယောက်ကြောင့် လမ်းမပျောက်စေချင်ပါ။ ရိုဟင်ဂျာ ရွှေ့ကွက်ကို မျက်ခြည်မပြတ် စောင့်ကြည့်ကြပါ။

မှတ်ချက်။ ။ ကုလားဆိုတာ ဂေါဠမတ္တိက ပုဒ်က ဆင်းသက်၊ ဂေါဠဆိုတာ မြေရွံ့နဲ့ တိုက်ဆောက်တတ်တယ့်လူမျိုးလို့ အဓိပ္ပါယ်ရတယ်။ ဂေါဠကနေ ကုလား ပြောင်းလာတာပါ။ (ကလျာဏီကျောက်စာရှု)။ ယုတ်ညံ့တယ့်အမည်မဟုတ်။

ပြင်ဆင်ပါ

mostsaing
ဆန္ဒပြယင် ကောင်းမလား

ပြည်ပရောက်မြန်မာတိုင်းရင်းသားကျောင်းသူကျောင်းသားများက ရိုဟင်ဂျာကို လက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ချင်တယ်လို့ ပြောလာတယ်။ ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်တယ့်အတွက် ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်တယ့်အကြောင်း အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ထုတ်ဖော်ပြောသင့်တယ်လို့ သူတို့က ယုံကြည်ကြပါတယ်။

ကျောင်းသူကျောင်းသားများဟာ အသက်အရွယ်အားဖြင့် ငယ်ရွက်ကြပါသေးတယ်။ ဒီလိုအမျိုးသားရေးကိစ္စမှာ ရိုးရိုးသားသားနဲ့ မိမိဆန္ဒကို ဖော်ထုတ်လိုခြင်း ဖြစ်တယ်။ သူတို့က မီးလောင်းရာလေပင့်သူများမဟုတ်ကြသဖြင့် သူတို့ကို ကြည့်ပြီး ဝမ်းမြောက်နေမိတယ်။ နောက်ပြီး ဆန္ဒဖော်ထုတ်တယ့်နေရာမှာ မူစလင်ဘာသာဝင်များကို မစော်ကားမိစေဖို့၊ ပြဿနာကို ဖန်တီးနေတယ့် ရိုဟင်ဂျာကိုပဲ ပစ်မှတ်ထားဖို့ အကြံပြုပါတယ်။


ဘာသာရေးအဓိကရုဏ်းမဟုတ်

ဒီအဓိကရုဏ်းကို ဘာသာရေးအဓိကရုဏ်း ဖြစ်ကြောင်း ရိုဟင်ဂျာဝက်ဆိုက်က ဖော်ပြတယ်။ CNN, VOA နဲ့ BBCတို့ကလည်း ဗုဒ္ဓဘာသာနဲ့မူစလင်ကြား ပဋိပက္ခဖြစ်နေသယောင် ရေးကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက မူစလင်ဘာသာဝင်တွေကို အနိုင်ကျင့်နေသလို ပုံဖော်ချင်လို့ ဖြစ်မယ်။ ဒီပြဿနာကို ဗုဒ္ဓဘာသာဝင်တွေက စခဲ့တာ မဟုတ်ကြောင်း ရှင်းဖူးတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပါဝင်ပတ်သက်မှုကိုလည်း မတွေ့ရပါဘူး။ ထပ်ရှင်းပါဦးမယ်။ ဒီလိုအဓိကရုဏ်းမျိုးကို …

၁။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများလည်း အလိုမရှိပါ။

၂။ မြန်မာမူစလင်များလည်း အလိုမရှိပါ။

၃။ အတိုက်အခံများလည်း အလိုမရှိပါ။

ဘာကြောင့် ပြောနိုင်လဲဆိုယင် ….

၁။ ကုလားနဲ့ဘုန်းကြီး အဓိကရုဏ်းဖြစ်ခဲ့ဖူးတာ အကြိမ်ကြိမ်ပါ။ ဒီတစ်ခါ ဘုန်းကြီးတွေရဲ့ ပယောဂမပါကြောင်း သေချာတယ်။ ကုလားများနဲ့ ပြဿနာဖြစ်တိုင်း ရှေ့တန်းက ပါဝင်လေ့ရှိတယ့် ဆရာတော်အချို့ တစ်ခွန်းမှမဟဘဲ အမြော်အမြင်ရှိရှိနဲ့ အခြေအနေကို အကဲခတ်နေတာကို ကြည့်ပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ဆွဲမထည့်ရ။ သင်္ကန်းများ ဝယ်ပြီး ဘုန်းတော်ကြီးအတုများနဲ့ ဝင်ရောခိုင်းယင်တော့ မတတ်နိုင်ပါ။

၂။ မြန်မာမူစလင်တွေဟာ ရခိုင်ပြည်မှာပဲ နေထိုင်ကြတာမဟုတ်ပါ။ မြန်မာပြည်တနံတလျားမှာ နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ သူတို့ဟာ လက်ရှိအဓိကရုဏ်းကို အားမပေးပါဘူး။ မန္တလေး၊ ရန်ကုန် အစရှိတယ့်မြို့ကြီးတွေမှာ သူတို့ ရှိနေကြပါတယ်။ မောင်တောလိုမျိုး အကြမ်းဖက်မှု မရှိပါဘူး။ ဒါတွေကို သတိထားသင့်ပါတယ်။ ဒါပေမယ့် Muslim Cap များကို ဝယ်ပြီး အဓိကရုဏ်း ပျံ့အောင် လုပ်ယင်တော့ မတတ်နိုင်ပါ။

၃။ အတိုက်အခံများကတော့ လက်ရှိအဓိကရုဏ်းကို ပိုပြီး ဘဝင်မကျစရာ ဖြစ်ရတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥက္ကဋ္ဌရဲ့ ပြည်ပခရီးစဉ် ရှိနေပါတယ်။ ဒီခရီးစဉ်ကို မျက်နှာပန်းလှလှ သွားစေချင်ပါလိမ့်မယ်။ လဝကတွေရဲ့အားနည်းချက်ကြောင့် နစ်နာခဲ့ရတယ့်၊ အနောက်တံခါးပေါက်ခဲ့ရတယ့် ရခိုင်တိုင်းရင်းသားများကို စာနာကြပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေဟာ မိမိတို့တိုင်းရင်းသားရေးရာ မပြီးမချင်း ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်နိုင်ဦးမှာမဟုတ်လို့ လက်ရှိအဓိကရုဏ်းကို ဖန်တီးချင်ကြမှာမဟုတ်ပါဘူး။


အရင်းစစ်တော့ ရိုဟင်ဂျာ

ဒီတော့ ဘယ်သူ ကျန်သေးလဲ။ ရိုဟင်ဂျာပဲ ကျန်တော့တယ်။ ရိုဟင်ဂျာခေါင်းဆောင်တွေ၊ သူတို့ကို စာနာတယ့် အနောက်တိုင်းအစိုးရတွေ၊ သူတို့ကို အားပေးတယ့်သတင်းဌာနတွေက မြန်မာနိုင်ငံအခြေအနေကို ဒီလို တွက်ချက်ကြပါလိမ့်မယ်။

၁။ ကချင်နဲ့အပစ်ရပ်နိုင်တာနဲ့ မြန်မာပြည်မှာ တခေတ်ဆန်းတယ့် အပြောင်းအလဲတစ်ခု ဖြစ်လာစရာရှိတယ်။ တစ်ခါမှ မမြင်ရဖူးတယ့် တပြည်လုံးအပစ်ရပ်ခြင်း ဖြစ်တယ်။ ဒါကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု၊ စစ်မှန်တယ့် ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာစရာရှိတယ်။ ဒီနိုင်ငံရေးဖြစ်စဉ်မှာ ရိုဟင်ဂျာတွေက ခါတော်မီ ပါဝင်ချင်ကြပါတယ်။ ရခိုင်မြောက်ပိုင်းကို ယူပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်အောင် ကြံစည်နေပုံရတယ်။

၂။ ယခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်ကို စတင်နေပါပြီ။ ဒီခရီးစဉ်ကို ရိုဟင်ဂျာတွေက အသုံးချချင်ကြတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှပါလီမာန်ကို မိန့်ခွန်းချွေတယ့်အခါမှာ ဒါဟာ သမိုင်းဝင်အချိန်တစ်ချိန်ပါ။ ဒီသမိုင်းဝင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အနည်းဆုံး ရိုဟင်ဂျာဆိုတယ့် စကားလုံးတစ်လုံး သူတို့ ပါစေချင်ကြပါလိမ့်မယ်။

၃။ ရိုဟင်ဂျာတို့ဟာ မြန်မာပြည်မှာ သူတို့အခြေမခိုင်ပုံကို သူတို့အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း အင်အားကြီးပါတီများ၊ အစိုးရအရာရှိများ၊ သူတို့တတ်နိုင်ယင် တပ်မတော်အရာရှိကြီးများကို ဘာပဲပေးရပေးရ ဘာပဲလုပ်ပေးရလုပ်ပေးရ ချဉ်းကပ်ကြမှာပါ။ မြန်မာပြည်ဟာ အမေရိကန်ပြည်ထောင်စုလို အောက်ခြေပြည်နယ်များနဲ့ ဖွဲ့စည်းထားတယ့် ပြည်ထောင်စုမဟုတ်လို့ အထက်ကို သူတို့ ကပ်နိုင်တာနဲ့ အလုပ်ဖြစ်ပါတယ်။

၎။ ရိုဟင်ဂျာတွေရဲ့ လက်နက်မှာ သတင်းဌာနများ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံပေါင်းများစွာမှာ ရောက်ရှိနေကြပါတယ်။ မူစလင်ညီအကိုများရဲ့ စာနာမှုတွေကနေတစ်ဆင့် ရန်ပုံငွေများကို အလွယ်တကူ ရှာဖွေနိုင်ကြပါတယ်။ ရန်ပုံငွေ အားကောင်းတာနဲ့ သူတို့ဟာ ကုလသမဂ္ဂ၊ အနောက်အစိုးရများ၊ သတင်းဌာနများကို Lobby လုပ်နိုင်ကြပါတယ်။

၅။ ဒီလိုအခြေခံများနဲ့ ပြည့်စုံနေတယ့် ရိုဟင်ဂျာတွေဟာ သူတို့နောက်ကို မြန်မာမူစလင်များ ပါဝင်လာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ မြန်မာမူစလင်များဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ အထင်ကရ ပါဝင်ခဲ့ကြပါတယ်။ တိုင်းပြုပြည်ပြုလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ လူဦးရေအရလည်း တစ်သန်းကျော် ရှိပါတယ်။ အခြေမခိုင်တယ့် ရိုဟင်ဂျာတွေဟာ ဒီမြန်မာမူစလင်များရဲ့အားကို အရယူချင်နေကြတယ်။ မြန်မာလူမှုဝန်းကျင်မှ ဒီမြန်မာမူစလင်များကို ဆွဲထုတ်ပြီး သူတို့နဲ့ ပူးပေါင်းစေချင်ကြတယ်။ သူတို့လိုပဲ အကြမ်းဖက်သမားများ ဖြစ်စေလိုကြတယ်။

၆။ ဒီလိုဖြစ်အောင် လုပ်နည်းမှာ အဓိကရုဏ်းတစ်ခုကို ဖန်တီးပြီး မြန်မာမူစလင်များကို ဆွဲထည့်ခြင်း ဖြစ်တယ်။ မြန်မာမူစလင်များကြားမှာ ရိုဟင်ဂျာလက်ဝေခံများ ရှိတန်ရှိပါလိမ့်မယ်။ ဒီလူတွေက ကြံရာပါအဖြစ် ပူးပေါင်းချင်ပူးပေါင်းနေကြပါလိမ့်မယ်။ ဒါပေမယ့် မြန်မာမူစလင်အများစုဟာ ရိုဟင်ဂျာနဲ့ပတ်သက်ချင်ကြမှာ မဟုတ်ဘူး။
အရင်းစစ်ကြည့်တော့ တရားခံက ရိုဟင်ဂျာပါပဲ။ ရိုဟင်ဂျာတီးလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်အောင် သတင်းဌာနအချို့က ဗျောသံ ဝင်နှောပေးလိုက်ရုံလေးပါပဲ။ အဓိကရုဏ်းဖြစ်လေ ရိုဟင်ဂျာက အမြတ်ထွက်လေ၊ သတင်းဌာနတွေက ဝင်ငွေဖြောင့်လေ၊ ဗြိတိသျှအစိုးရအတွက် အကွက်ဆိုက်လေပါပဲ။


တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီ

၁။ လက်ရှိအဓိကရုဏ်းကို အလိုရှိဆုံးမှာ ရိုဟင်ဂျာများဖြစ်ကြောင်း၊ ဒေါ်စုခရီးမှာ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အမေးအမြန်းခံရဖွယ်ရှိကြောင်း ပြောခဲ့တယ်။ ဒီလို မေးတယ့်အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကိစ္စကို ထည့်သွင်းပြောကြားတယ်။ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားမြန်မာနယ်စပ်ဖြတ်ကျော်မှုများကို ညွှန်ပြတယ်။ နိုင်ငံသားဖြစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံသားဖြစ်ခွင့်ဥပဒေ အသေအသချာရှိဖို့ လိုပုံကို ပြောတယ်။ ဒါဟာ ပါးပါးနပ်နပ် ဖြေသွားတာလို့ မြင်ပါတယ်။ ရိုဟင်ဂျာနဲ့ ဝေးဝေးရှောင်ချင်ကြောင်း ထင်ရှားတယ်။

၂။ ၈၈ ခေါင်းဆောင်ကိုမြအေးအပါအဝင် မြန်မာမူစလင်များအနေနဲ့လည်း ရိုဟင်ဂျာကို လက်မခံသလို ၈၈ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အတိုက်အခံပါတီခေါင်းဆောင်များကလည်း လက်မခံကြောင်း ထုတ်ဖော်ပြောခဲ့ပါပြီ။ ပြည်ထဲရေးဌာနကမူ နဂိုကတည်းက ရိုဟင်ဂျာကို လက်မခံခဲ့ပါ။ သမ္မတသိန်းစိန်အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြောရပေမယ့် ရိုဟင်ဂျာကို လက်ခံပုံမရပါဘူး။ တပ်မတော်သားများဆိုယင် ဒီရိုဟင်ဂျာတွေကို ပိုပြီး မကြိုက်ကြဘူးလို့ ယူဆပါတယ်။

၃။ ရခိုင်ဒေသမှာ အဓိကရုဏ်းဖြစ်တော့ ရခိုင်နဲ့ မြန်မာမူစလင်များက အဓိကခံကြရပါတယ်။ မီဒီယာများကလည်း မိမိသန်ရာသန်ရာ ဖော်ပြကြပါတယ်။ ရမ်းဗြဲကျွန်း (ရမ္မဝတီ)မှာ ဖြစ်ခဲ့တာကို အကြောင်းပြုပြီး တောင်ကုတ်မှာ ထပ်ဖြစ်တယ်။ တောင်ကုတ်မှာ ဖြစ်တော့ မောင်တောမှာ ဆုံးသွားတယ်။ တကယ့်အဓိကရုဏ်းက မောင်တောမှာ ဖြစ်ခဲ့တာပါ။ အဲဒီမှာ ရခိုင်လူဦးရေနဲ့ ဘင်္ဂါလီလူဦးရေ မမျှဘူး။ ဘယ်သူက စခဲ့လဲ ထင်ရှားတယ်။ ဒါပေမယ့် အခုအခါ ကုလသမဂ္ဂအရာရှိ ဗီဂျေနမ်ဘီယာ ကိုယ်တိုင် ဒါဟာ ဘာသာရေးအဓိကရုဏ်းမဟုတ်ဘူးလို့ ပြောခဲ့ပါပြီ။ ရိုဟင်ဂျာတွေရဲ့အကွက်ကို ရိုက်ချိုးလိုက်ခြင်းသာ ဖြစ်တယ်။ ဒီစကားတစ်ခွန်းနဲ့တင် ရိုဟင်ဂျာအကြံ ပျက်ရပြီဖြစ်တယ်။ နောက်ဆုံးမှာ ဒီအဓိကရုဏ်းကို ဖန်တီးလို့ ရိုဟင်ဂျာတွေအနေနဲ့ ဘာမှ မရလိုက်ဘူးလို့ပဲ ဆိုပါရစေ။


သင်ခန်းစာရယူပါ

လက်ရှိအဓိကရုဏ်းကနေ သင်ခန်းစာတွေ အများကြီး ရယူနိုင်ပါတယ်။

၁။ ရခိုင်ကို ထိုးဖောက်ဖို့ ရိုဟင်ဂျာတွေက ဦးနုပါလီမာန်ခေတ်ကတည်းက စာချုပ်စာတန်းတွေ၊ ဥပဒေတွေကို တရားဝင်မဝင် လုပ်ယူခဲ့တယ်။ ကမ္ဘာမှာလည်း နိုင်ငံတကာအစိုးရများကို ပေါက်ပေါက်မြောက်မြောက် ထိထိရောက်ရောက် ချဉ်းကပ်နိုင်ခဲ့တယ်။ ပင်လယ်ပိုင်နက်အမှုကတည်းက မြန်မာတွေက ဘင်္ဂါလီတွေကို သတိထားဖို့ ကောင်းနေပြီ။ မြန်မာအစိုးရရဲ့ သံတမန်ရေးအားနည်းချက်တွေကို အမိအရ သူတို့အသုံးချခဲ့ကြတယ်။ ဒီအချက်ကို မြန်မာတွေက စပြင်ရပါ့မယ်။ မြန်မာအစိုးအရအနေနဲ့ အချင်းချင်း ခွပ်မနေကြပါနဲ့တော့။ ညီညွှတ်သင့်ကြပြီ။

၂။ မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံလို့ ပြောပြောနေပေမယ့် မိမိတိုင်းရင်းသားများကို နှိမ်ဖို့ တရုတ်နဲ့ကုလားများကို နေရာပေးခဲ့ပါတယ်။ ဦးနုခေတ်က ဘင်္ဂါလီကုလားများကို ခေါ်လာခြင်းမှာ မဲအနိုင်ရလိုရုံမဟုတ်၊ ဒေသခံတိုင်းရင်းသားများကို နားလှည့်ပါးရိုက်ဖို့လည်း ပါတယ်။ အခုအခါမှာလည်း ကချင်များကို ရက်ရက်စက်စက် နှိပ်စက်လို့ကောင်းတုန်းပါ။ ပြည်နယ်တွေမှာ တိုင်းရင်းသားများကို ချိုးနှိမ်ထားပြီး လူမျိုးခြားများကို နေရာပေးခြင်းမှာ အလွန်အန္တရာယ်များလှပါတယ်။ ပြည်ထောင်စုကို သစ္စာဖောက်ရာလည်း ရောက်ပါတယ်။ ဒါကြောင့် စစ်မှန်တယ့် ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ဖို့ လိုတယ်။ ဒီကနေ စပြီး ပြုပြင်ရမယ်။ ဗဟိုအစိုးရကို ကပ်ပြီး  ပြည်နယ်တွေမှာ ထင်တိုင်းကြဲနိုင်တယ့် တရုတ်၊ အိန္ဒိယ၊ ကိုရီယား၊ ထိုင်းကုမ္ပဏီတွေကို မျက်နှာသာ မပေးပါနဲ့တော့။ တိုင်းရင်းသားလုပ်ငန်းရှင်များကို ပြုစုပျိုးထောင်ပါ။

၃။ တရားဥပဒေစိုးမိုးရေးမရှိယင် တိုင်းပြည်အတွက် အန္တရာယ်အများဆုံးပါပဲ။ တိုင်းသူပြည်သားများက ဥပဒေချိုးဖောက်လို့ မဟုတ်ဘဲ အစိုးရဝန်ထမ်းများက ဥပဒေကို လက်တလုံးခြား အသုံးချလို့ ဖြစ်တယ်။ လဝကက အမှားတစ်ခုကို ပြုခဲ့ယင် ဘယ်လောက်အန္တရာယ်ကြီးသလဲ စဉ်းစားကြည့်ပါ။ ပိုက်ဆံရလိုရင်းပဲဖြစ်ဖြစ်၊ မျက်နှာသာပေးလိုရင်းပဲဖြစ်ဖြစ်၊ ဗမာလူဦရေးများစေလိုရင်းပဲဖြစ်ဖြစ် လူမျိုးခြားတစ်ယောက်ကို မှတ်ပုံတင် ထုတ်ပေးလိုက်ယင် မြန်မာနိုင်ငံဟာ မလုံခြုံတော့ပါဘူး။ သူတို့မှတ်ပုံတင် ထုတ်ပေးလိုက်တယ့်လူဟာ အကြမ်းဖက်သမားလား၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကို သစ္စာခံလဲ မသိရပါဘူး။ လူစိမ်းတစ်ယောက်ကို မိမိအိမ်ဦးခန်းမှာ နေစေသလိုပဲ မလွတ်လပ်တော့ဘူး၊ မလုံခြုံတော့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဥပဒေအားကောင်းဖို့လိုသလို လူတိုင်းက ဥပဒေအကာအကွယ်ကို ရရှိဖို့လည်း အရေးကြီးကြောင်းပါ။ ဒီဥပဒေဟာလည်း တရားမျှတမှု၊ တန်းတူညီမျှမှု ရှိရပါ့မယ်။


ပြင်ဆင်ပါ

၁။ လက်ရှိအဓိကရုဏ်း ငြိမ်းခဲ့ယင်လည်း ပြဿနာက မပြီးသေးဘူး။ ဒီရိုဟင်ဂျာတွေနဲ့ ရေရှည်တိုက်ပွဲဝင်ရဦးမယ်။ ဥပဒေကြောင်းနားလည်သူများ၊ နိုင်ငံတကာဝင်ဆံ့သူများ၊ အစိုးရနဲ့အတိုက်အခံများအားလုံး စုစည်းညီညွတ်စွာနဲ့ ရခိုင်မြေကို ကာကွယ်ရမယ်။ ရခိုင်မြေကို အပါမခံနိုင်ပါ။

၂။ အိန္ဒိယနွယ်ဖွားမြန်မာမူစလင်များကို အကာအကွယ်ပေးကြဖို့ လိုပါတယ်။ ရိုဟင်ဂျာနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်သူများကို အားပေးကူညီပါ။ ဥပဒေကြောင်းအရ သူတို့ရသင့်ရထိုက်တယ့် ခံစားခွင့်များကို လေးစားပါ။

၃။ အမေရိကန်ပြည်ထောင်စုလိုပဲ ပြည်နယ်မှတ်ပုံတင်ကို ခွင့်ပြုပါ။ ဒီလိုခွင့်ပြုလိုက်ခြင်းအားဖြင့် ရိုဟင်ဂျာတွေဟာ ဗဟိုအစိုးရကို ကပ်လို့မရတော့ပါဘူး။ သူတို့ပြည်နယ်သားကိစ္စကို တိုင်းရင်းသားတွေပဲ ဆုံးဖြတ်ကြပါစေ။ နိုင်ငံသားဖြစ်ခွင့်ကို ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ပါစေ။ လဝကဥပဒေကို တင်းကြပ်ပါ။

(ဥပမာ ရခိုင်ပြည်မှာဆိုယင် လူဦရေး (၃)သန်း ရှိတယ်လို့ဆိုယင် ရခိုင်ပြည်နယ်အစိုးရက ဒီလူဦရေး(၃)သန်းကို တာဝန်ခံရပါ့မယ်။ တရားမဝင် ဝင်ရောက်သူများကို တရားမဝင်သလို လူ့အခွင့်အရေးစံနှုန်းနဲ့အညီ ဆက်ဆံရပါ့မယ်။ ဒါပေမယ့် အဲဒါဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ လုံးဝမသက်ဆိုင်စေရပါ။)

စာရေးသူနဲ့ မူစလင်များ

mostsaing
သံဖြူဇရပ်မှ အရိုးပါရဂူ

1983-ခုကပါ။ ရှင်မပြုခင် စာရေးသူ လက်ကျိုးရတယ်။ ကျိုးပုံမှာ မောင်နှများ တုံးစီးကြရင်း ညီမလေး လိမ့်အကျ စာရေးသူက လှမ်းအဆွဲမှာ တံတောင်က ပြောင်းပြန်လွဲသွားရတယ်။

မိသားစုနဲ့ ညနေစာကို ဟန်မပျက် စားခဲ့ပေမဲ့ ညနက်တော့ ရောင်လာတယ်။ နိုးနေယင် ငြီးသံမထွက် အိပ်မော်ကျယင်တော့ မခံသာလို့ထင်ပ ငိုသံထွက်တယ်။ အမေက အမျိုးတစ်ယောက်အိမ် သွားပြီး ဘိန်းမည်း အနည်းငယ် ယူတယ်။ သူက ရွာမှာ ဂျပန်ခေတ်ကတည်းက ဘိန်းကို သစ္စာရှိရှိ ရှုလာတယ့် ရွာသားတစ်ဦး ဖြစ်တယ်။ ဘိန်းရတော့ အမေက စာရေးသူကို နှိုးပြီး အနာပျောက်ဆေး သောက်ပါ လို့ ပြောတယ်။ ညအချိန်ဖြစ်လို့ ဘယ်ကရသလဲ မေးတော့ ဟိုအိမ်က ရတာလို့ အမေက ပြောတယ်။ ဘိန်းမှန်းသိတော့ စာရေးသူက မသောက်ခဲ့ဘူး။ ဒီဘဝမှာ အရက်၊ ထန်းရည်၊ ဘိန်း လုံးဝမဝင်စေရလို့ အဓိဋ္ဌာန်ပြုထားခဲ့တာကိုး။

ဒီလိုပဲ အနာခံရင်း မိုးစင်စင် လင်းခဲ့တယ်။ မိုးလင်းတော့ ဘယ်ဘက်လက်က ခြေသလုံးလောက်ကို ရောင်နေပြီ။ လက်ချောင်းကလေးတွေ လုံးဝလှုပ်လို့ မရတော့ပါ။ ကံကောင်းလို့ ညတွင်းချင်းမှာ အမေက ဘယ်အိမ်က သတင်းရခဲ့လဲမသိ။ သံဖြူဇရပ်မှာ အရိုးပါရဂူတစ်ဦး ရှိတယ်လို့ ဆိုတယ်။ သံဖြူဇရပ်ဆိုတာ ရထားစီးယင် တစ်ဘူတာပဲ။ သင်္ကြန်ကျခါနီးဖြစ်လို့ ရထားက ကြပ်တယ်။ ကံကောင်းလို့ ဆရာကြီးအိမ်နဲ့ သံဖြူဇရပ်ဘူတာ သိပ်မဝေးပါ။

လမ်းနာမည်ကိုတော့ မမှတ်မိတော့ပါ။ ဒါပေမယ့် ဆိုင်ပုဒ်ကိုတော့ မှတ်မိပါတယ်။ ဆရာကြီးဦးယူစွတ် (နာမည်မှန်) ကုသိုလ်ဖြင့် ကုပေးသည် ဆိုပြီး ရေးထားတယ်။ မြန်မာစာ ဖတ်တတ်တယ့် စာရေးသူက အမေကို လမ်းညွှန်ရပါတယ်။

အိမ်ရောက်တော့ ကလေးဘဝတုန်းက ကစားဖော်ကစားဖက် ဖြစ်ခဲ့ပြီး တနယ်တကျေး ပြောင်းသွားတယ့် သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ဘောလုံးကန်ရင်း ခြေတစ်ဖက်က ရှည်ထွက်သွားလို့ ပြန်သွင်းနေရတယ်လို့ ဆိုပါတယ်။ ဆရာကြီးက သူ့ခြေထောက်ကို ကိုင်တော့ နာလို့ သူအော်တယ်။

စာရေးသူ အလှည့်မှာ ဆရာကြီးက ပြောပါတယ်။ တံတောင်ဆစ်မှာ အရိုးကျေသွားတယ်။ အခု သွေးပုပ်တွေ တည်နေတယ်။ သွေးပုပ်တွေ အရင်းထုပ်၊ အပူပေး၊ ပြီးမှ အရိုးကို ပြန်ဆက်ပေးမယ်လို့ ဆိုတယ်။ အရိုးဆက်တော့ စာရေးသူ ရုန်းမှာစိုးလို့ ဆရာကြီးဇနီးရော စာရေးသူတို့အမေပါ စာရေးသူကို ချုပ်ထားကြပါတယ်။ အဲဒီလို လုပ်တာကို စာရေးသူက ရှက်လို့ ချုပ်စရာမလိုပါ၊ မရုန်းပါဘူး၊ ကတိပေးပါတယ်လို့ ပြောတော့ ချုပ်လက်က ပြေလျှော့သွားတယ်။ လွှတ်တော့ မလွှတ်ပါ။

အရိုးဆက်တော့ နာပါတယ်။ ဒါပေမယ့် စာရေးသူ မတွန့်ပါဘူး။ ဆရာကြီးက အများကြီး ချီးကျူးပါတယ်။ စာရေးသူက အနားယူနေတုန်း ဆရာကြီးဇနီးက အမေနဲ့ စကားပြောတယ်။ သူတို့က မွန်စကားကို မွန်တွေထက် ပီအောင် ပြောနိုင်တာကို တွေ့ရတယ်။ မှတ်မိတာလေး ပြောပြရယင် ဘုရားဆိုတာ တစ်ဆူထဲ ရှိတာပါ၊ ဘယ်ဘုရားမဆို အတူတူပါပဲ ဆိုတယ့်စကားပါ။ သူ့စကား ကြားတော့ အိမ်က ဓာတ်ပုံတွေကို သတိထားမိပါတယ်။ စာရေးသူ မမြင်ဖူးတယ့် ဓာတ်ပုံတွေချည်းပါပဲ။ ဗလီပုံတွေပါ။

အမေကလည်း သူ့သားအကြောင်းကို ကြွားဖြစ်အောင် ကြွားလိုက်ပါသေးတယ်။ ရှင်ပြုတော့မှာ ဖြစ်ကြောင်း၊ ရှင်ပြုပြီးယင် ဆရာတော်က သူ့သားကို မြောင်းမြ ပို့မှာ ဖြစ်ကြောင်း ပြောပြသံကြားရတယ်။ ဆရာကြီးဇနီးကလည်း ကောင်းတာပေါ့ဆိုပြီး ထောက်ခံသံ ကြားရတယ်။ နောက်ရက်အနည်းငယ်မှာ လက်က သက်သာလာပါတယ်။ ရှင်ပြုပွဲအမီ ပြန်ကောင်းခဲ့တယ်။ ရှင်ပြုပွဲမတိုင်ခင် သက်ကြီးများကို ကန်တော့ရလေ့ရှိရာ ဆရာကြီးကိုလည်း သွားရောက်ကန်တော့ခဲ့တယ်။ ဆရာကြီးက ဗုဒ္ဓဘာသာထုံးစံအတိုင်းပဲ ဆုပေးခဲ့ပုံကို ပြန်မြင်ယောင်နေမိတယ်။


သံဖြူဇရပ်ဇာတိ မုဒုံလက်ထောက်မန်နေဂျာ

၈၈ အရေးအခင်းပြီးတော့ ၁၉၉၀ နောက်ပိုင်းမှာ အနည်းငယ် ငြိမ်ဝပ်ပိပြားသွားပါတယ်။ စစ်အုပ်ချုပ်ရေးအစွမ်းပြတယ့်အချိန်၊ စစ်အာဏာ အစွမ်းထက်တယ့်အချိန်ပါ။ စာရေးသူတို့ လက်ဦးဆရာက နိုင်ငံရေးကို စိတ်ပါဝင်စားသူပါ။ အရေးအခင်းကြောင့် ဆရာတော်က နယ်စပ်ကို ထွက်သွားတော့ နောက်ဘုန်းကြီး တက်လာပါတယ်။ သူက နိုင်ငံရေးအကြောင်း ပြောပေမယ့် နိုင်ငံရေးတော့ မလုပ်ပါ။

တခါမှာ ကျောင်းဆောက်ဖို့ အခက်အခဲ ရှိလို့ သူက စစ်အစိုရဆီမှာ သစ်၊ သံ၊ ဘိလပ်မြေ လျှောက်ထားခဲ့တယ်။ လျှောက်ထားမှန်းလည်း စာရေးသူ မသိပါ။ တစ်နေ့ကျတော့ စာရေးသူ အခန်းတံခါးကို မျက်နှာစိမ်းတစ်ယောက် လာခေါက်တယ်။ ဖွင့်ကြည့်တော့ ကုလားတစ်ယောက် ဖြစ်နေတာကို တွေ့ရတယ်။ တပည့်တော် မုဒုံက လက်ထောက်မန်နေဂျာပါ၊ အရှင်ဘုရားတို့ လျှောက်ထားတယ့် ဘိလပ်မြေ ကျပြီလို့ ပြောတယ်။ ဟ ဒီကျောင်း အဲဒီလို မလျှောက်ပါဘူး ပြောတော့ သေချာမေးကြည့်ပါဦးတဲ့။

ဆရာတော်ကို သွားမေးကြည့်တော့ လျှောက်ထားတာ ဟုတ်မှန်ကြောင်း၊ အခု လျှောက်လွှာကျလာလို့ သူ ဝမ်းသာကြောင်း မိန့်တယ်။ လက်ထောက်မန်နေဂျာကို လက်ဖက်ရည်ဖိုး (၂၅)ကျပ် ပေးတယ်။ စာရေးသူက ဘာမှ မပြော။ ဆိတ်ဆိတ်သာ နေတယ်။ ဒါပေမယ့် နေ့ဆွမ်းစားပြီးခါစဖြစ်တော့ ဒီဒကာလည်း ထမင်းစားခဲ့ပြီလား တွေးမိလို့ ဒကာ ထမင်းစားပြီးပြီလား မေးမိတယ်။ မစားရသေးဘူးဘုရား ဆိုတော့ ကိုင်း ဒါဆို ဆွမ်းစားကျောင်းကို လာခဲ့၊ ထမင်းစားပြီးမှ ပြန်ပါ ဆိုလိုက်တယ်။

ဤတွင် သူက ဆရာတော်ကို လျှောက်ထားလိုက်တယ်။ လျှောက်လွှာတော့ ကျပြီဘုရား၊ ဒါပေမယ့် နောက်ကျယင် မရဘဲ ဖြစ်နေမှာစိုးလို့ ဆရာတော်ကိုယ်တိုင် တပည့်တော်နဲ့အတူ တခါထဲ  ကြွပြီး လက်မှတ်ထိုးခဲ့ယင် ကောင်းမယ်လို့ ဆိုတယ်။ ဆရာတော်ကလည်း ဘိလပ်မြေရလိုဇောနဲ့ ဟဲ့ မောင်ရာဝိက မင်းကြွခဲ့ပါ ဆိုပြီး တစ်ခွန်းလွှတ်အမိန့် ချခဲ့တယ်။ စာရေးသူလည်း မငြင်းသာလို့ လိုက်သွားရတယ်။

လမ်းမှာ သူက မုဒုံသမဝါယမမှာ ဘိလပ်မြေခိုးရောင်းဖို့ ရှိကြောင်း၊ စရံငွေ ပေးနိုင်ယင် အိတ်တစ်ရာလောက် သူ လုပ်ပေးနိုင်ကြောင်း ပြောတယ်။ စာရေးသူက အခုလာတာ လက်မှတ်ထိုးဖို့ ဖြစ်လို့ ကျန်တယ့်ကိစ္စ စိတ်မဝင်စားကြောင်း သူ့ကို ပြောပြတယ်။ နောက် သူက လက်မှတ်ထိုးဖို့ လက်ဖက်ရည်ဖိုး ပေးရဦးမှာဖြစ်ကြောင်း ပြောပြန်တယ်။ ဆရာတော်က ဒကာကို ပေးခဲ့ပြီ၊ ဦးဇင်းမှာ လမ်းစရိတ်ကလွဲပြီး ဘာမှ ပါမလာပါလို့ ပြန်ပြောတယ်။

ကားလာတော့ သူက ခေါင်းမိုးပေါ် စီးချင်တယ်လို့ ပြောတယ်။ ကားက ချောင်နေတာပဲ၊ အထဲဝင်စီးပါ၊ စကားပြောလို့ ရတာပေါ့လို့ စာရေးသူက ပြောတယ်။ ကားစီးရင်းနဲ့ သူ့ကို အကဲခတ်မိတယ်။ သူ့ခြေချောင်းတွေက ညစ်ပတ်နေတယ်၊ စီးထားတယ့်ဖိနပ်က သန့်သန့်ပြန့်ပြန့် မဟုတ်၊ လက်ချောင်းများကို ကြည့်ယင်လည်း ဖောင်တိန်ကိုင်တယ့်လက် မဟုတ်။ အမူအရာအသွင်အပြင်ကို ကြည့်တော့လည်း မန်နေဂျာနဲ့ တူတာ တစ်စက်မှမရှိ။ ကားခေါင်းမိုးပေါ် စီးချင်ကတည်းက သံသယဝင်ဖို့ ကောင်းနေပြီ။ ဒါပေမယ့် ဒီလူဇာတိရုပ်အမှန်ကို ငါစုံစမ်းအံ့ ဆိုပြီး မသိမသာ လိုက်သွားမိတယ်။

မုဒုံရောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံကိုလည်း မသွား၊ သမဝါယမရုံးကိုလည်း မရောက်၊ လမ်းမကြီးအတိုင်း သူ လျှောက်နေတယ်။ ဘီအိုစီ နားရောက်တော့ အရှင်ဘုရား ဒီမှာ စောင့်နေပါ၊ လျှောက်လွှာကျတယ်ဆိုပေမယ့် ပြည်နယ်ကနေ ကျတာပါ၊ မြို့နယ်ကို မရောက်သေးဘူး။ တပည့်တော် မန်နေဂျာ သွားခေါ်ပါ့မယ်၊ ပြီးယင် မော်လမြိုင်ကို တန်းသွားပါ့မယ်တဲ့ သူက ပြောပါတယ်။ အခု ညနေ(၃)နာရီထိုးနေပြီ၊ မော်လမြိုင်ကို ရုံးချိန်အရောက် သွားနိုင်ပါ့မလားလို့ မမေးတော့ဘဲ အချိန်မရှိတော့လို့ လူမခွဲပါနဲ့၊ လူစုကွဲယင် အချိန်ပိုပုပ်တယ်၊ မန်နေဂျာအိမ်ကို အတူသွားကြတာပေါ့လို့ စာရေးသူက ပြောတယ်။

အရှင်ဘုရားက တပည့်တော်ကို မယုံဘူးလားလို့ သူက မေးတယ်။ မယုံဘူးဆိုတယ့်စကား ဦးဇင်း မပြောပါ၊ အခု ဒကာပဲ ပြောတာပါ၊ ဒကာ ကတိပေးထားတယ့်အလုပ်ကိုပဲ ပြီးအောင် လုပ်ပေးပါ လို့ သူ့ကို ပြောတယ်။ ဒါဖြင့်ယင်လည်း လိုက်ခဲ့တဲ့။ လမ်းမကြီးအတိုင်း လျှောက်ရင်း ရွှေဟသာင်္ဈေးမရောက်ခင် သူက ပြန်ပြောလာတယ်။ အရှင်ဘုရား မန်နေဂျာက မူစလင်ဘာသာဝင်ပါ၊ ဘုန်းကြီး အိမ်ကြွတာကို မကြိုက်ပါ၊ အရှင်ဘုရား ဒီမှာပဲ စောင့်နေပါတဲ့။ ဒကာ ဒီမှာ မန်နေဂျာလုပ်ယင် ဘုန်းကြီးတွေနဲ့ ဆက်ဆံရမှာပဲ၊ ဘုန်းကြီးတွေနဲ့ မဆက်ဆံချင်ယင် မန်နေဂျာ မလုပ်ပါနဲ့တော့လို့ ပြန်ပက်တယ်။ ပြောလက်စနဲ့ ဒကာ့မန်နေဂျာအိမ်က ဘယ်မလဲလို့ မေးတယ်။ စာစင်မှာပါတဲ့။

ဒီလိုနဲ့ လမ်းလျှောက်သွားရာ စာစင်ကို ကျော်ချေပြီ။ ဒကာ စာစင်ကို ကျော်နေပြီ၊ မဝင်ဘူးလားလို့ စာရေးသူက သူ့ကို မေးတယ်။ အရှင်ဘုရားက ခေါင်းမာတယ်၊ အရှင်ဘုရားက တပည့်တော်ကို မယုံသလို ဖြစ်နေတယ်၊ ဆရာတော်ပေးတယ့် လက်ဖက်ရည်ဖိုးကို အရှင်ဘုရား ပြန်ယူပါ၊ အရှင်ဘုရားနဲ့ တပည့်တော် ဒီမှာပဲ လမ်းခွဲတော့မယ်လို့ သူက ပြောပါတယ်။ ပိုက်ဆံကို ဦးဇင်း ပေးခဲ့တာမဟုတ်လို့ ဦးဇင်းနဲ့ မဆိုင်ပါ၊ ဆိုင်စရာရှိယင် ဒကာမှတ်ပုံတင် ကြည့်ချင်ပါတယ်လို့ ပြောလိုက်တယ်။ မှတ်ပုံတင် တောင်းတော့ သူက လေသံပြန်ပျော့သွားတယ်။ မန်နေဂျာမှာ အိမ်နှစ်လုံးရှိကြောင်း၊ (၃)နာရီနောက်ပိုင်းမှာ သဲအင်းဂူနားက အိမ်မှာ အနားယူတတ်လို့ အဲဒီကို သွားမှ တွေ့နိုင်မှာ ဖြစ်ကြောင်း သူက ရှင်းပြတယ်။ စာရေးသူကလည်း ဒီလူက လူလိမ်လူညာဆိုတာ သေချာသလောက် ဖြစ်နေပြီမို့ ဘေးနားက ဆိုက္ကားဆရာတွေကို ပြောပြရမလား စဉ်းစားနေမိတယ်။ ဆိုက္ကားဆရာဆိုယင် မလွယ်ဘူး၊ လက်လွန်ခြေလွန်ဖြစ်ကုန်မှာစိုးရတယ်။ မတော်တဆ သေသွားယင် ငါတော့ ရဟန်းဘဝဆုံးပြီလို့ တွေးမိလို့ ဖြစ်တယ်။

ရဲတွေကို ရှာတယ်။ မတွေ့ပါ။ ဒါပေမယ့် မုဒုံအထွတ် သဲအင်းဂူမရောက်ခင်မှာ ဘီးခွန်တစ်နေရာရှိတယ်။ အဲဒီမှာ ရဲတွေ ရှိလောက်တယ်ဆိုပြီး စိတ်အေးသွားတယ်။ မုဒုံအပြင်ဘက်ရောက်သွားလို့ကတော့ ဒီလူ ပြေးပြီလို့ တွက်ထားမိလို့ ဖြစ်တယ်။ ကံကောင်းထောက်မစွာ ဘီးခွန်ဂိတ်မှာ ရဲတစ်ယောက်ကို တွေ့ရတယ်။ ဒကာရေ ဒီလူကို မသကာင်္လို့ မေးကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရဲသားကလည်း ဟေ့လူ ဒီထဲ ဝင်ဦးဆိုတော့ သူက မျက်စိမျက်နှာပျက်ပြီး ဝင်လာပါတယ်။ စာရေးသူက ဖြစ်ကြောင်းကုန်စင်ကို ပြောပြတယ်။ ရဲက စိတ်ဆိုးပြီး သူ့ရဲဝတ်စုံကို ဝတ်တယ်၊ ပြီးတော့ ဘေးနားမှာ ရှိတယ့် (၂)လက်မတုတ်တစ်ချောင်းနဲ့ ကုလားကို ရိုက်တော့တယ်။ ဘုန်းကြီးကို စော်ကားတယ့်ကောင် ဆိုပြီး နာနာရိုက်တယ်။ ကုလားက ကျွန်တော် ဗုဒ္ဓဘာသာပါလို့ အော်ငိုပါတယ်။ ရဲသားက ဆိုက္ကားဆရာထက် ဆိုးနေမှာစိုးလို့ စာရေးသူက မရိုက်ဖို့ တောင်းပန်တယ်။ ဥပဒေအတိုင်းပဲ အရေးယူပေးဖို့ တိုင်ချက်ရေးပြီး ပြန်ခဲ့တယ်။ ဆရာတော်ပေးတယ့် လက်ဖက်ရည်ဖိုးကို ဝိနည်းတော်အရ မယူကောင်းလို့ မယူတော့ပါ။ မကြာပါ။ ကုလားများ ဘယ်ကနေ စုလာကြလဲမသိ။ ဘာဖြစ်လဲ၊ ဘာပါသွားလဲမေးကြတယ်။ အော် ဒါလေးများ အရေးတကြီး ဖြစ်နေရလို့ နည်းနည်း ရှင်းလိုက်ယင် ရပါတယ် ဘာညာကွိကွ ဝင်ပြောကြပါတယ်။


မြို့ရွှေမြိုင်မှာ တွေ့ရတယ့် သားပျောက်ရှာသူ

1986 - ခုမှာ စာရေးသူက မြောင်းမြမရောက်ဘဲ မော်လမြိုင်ရောက်နေခဲ့ပြီ။ နေတယ့်စာသင်တိုက်က စည်းကမ်းကြီးလို့ ဆွမ်းခံချိန်ကလွဲပြီး မြို့ထဲဝင်ခွင့် မပေးပါဘူး။ နေတာက တောင်ပေါ်ကျောင်းဆိုတော့ ဥပုသ်နေ့မှာ နာဂဝီသတောင်ပေါ်မှာ လမ်းလျှောက်ခွင့်တော့ ပေးပါတယ်။ တစ်နေ့ကျတော့ ရှုခင်းသာမှာ လေညင်းခံရင်း မော်လမြိုင်မြို့ရှုခင်းကို ခံစားနေချိန်မှာ ဘေးနားမှာ ဘုန်းကြီးတစ်ပါး လာရပ်တာကို သတိထားမိတယ်။ သူနဲ့ တစ်ခွန်းနှစ်ခွန်းလောက် ပြောရုံနဲ့ ဗမာသံက ဝဲနေလို့ မွန်တွေလားလို့ သူ မေးပါတယ်။ မွန်ကိုရင်တွေ ဖြစ်ကြောင်း ပြောတော့ သူ့သားကလည်း မွန်ဖြစ်ကြောင်း ပြောပြတယ်။ သူက အစမှာ မူစလင်ဘာသာဝင် ဖြစ်ခဲ့ပြီး နောက်မှ သံဝေဂရကာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာခဲ့ကြောင်း၊ ပဲခူးမှ မွန်ကလေးတစ်ယောက်ကို မွေးစားခဲ့ကြောင်း၊ သူ့သား ပျောက်လို့ လိုက်ရှာနေကြောင်း၊ စစ်သားစုဆောင်းရေးက ခေါ်သွားတာဖြစ်လို့ နယ်စုံလိုက်ရှာနေတာ အခု (၅)နှစ်ရှိပြီဖြစ်ကြောင်း ပြောပြတယ်။ သူ့မိဘတွေက မုဒုံက ဖြစ်ကြောင်း၊ အခု သူလည်း မွန်ပြည်နယ်မှာ တာဝန်ကျနေကြောင်း ကြားရလို့ လာရကြောင်း စိတ်ပါလက်ပါနဲ့ ပြောပြတယ်။ တွေ့ခဲ့ပြီလားလို့ စာရေးသူတို့က မေးကြတယ်။ မတွေ့ခဲ့ဘူး။ ဝဲကလိစစ်စခန်းကို ရောက်ခဲ့တယ်။ မရှိဘူးလို့ သူတို့ ပြောလို့ အခြားနေရာ သွားရဦးမယ်လို့ သူက ပြောပြတယ်။ စာရေးသူတို့က သူ့သား လူ့လောကမှာ ရှိမှရှိပါသေးရဲ့လားလို့ တွေးပူနေမိတယ်။ နောက်ပြီး သူ့သားက သူ့မိဘကို မသတ်မိစေနဲ့လို့ ဆုတောင်းနေမိတယ်။


မြို့ရွှေမြိုင်မှ အဏ္ဏဝါခရီးသည်

1998 ခုမှာ စာရေးသူက ရန်ကုန်ရောက်ခဲ့တယ်။ ကထိန်ရာသီမှာ အဆောင်ပိတ်လို့ မုဒုံကို ပြန်ရတယ်။ မော်လမြိုင်မှာ အဏ္ဏဝါယဉ်ကို စီးရတယ်။ အဏ္ဏဝါလိုင်းက ကားခဈေးချိုလို့ စာရေးသူတို့လို ချွေတာရသူများ စီးကြပါတယ်။ မော်လမြိုင်နဲ့ ကျိုက္ခမီ ပြေးဆွဲတယ်။ ရှားရှားပါးပါး အချိန်မှန်တယ့် လိုင်းကားပါ။ စာရေးသူတို့ရွာကတ္တရာလမ်းဘေးက အလုပ်သမားတွေအတွက် အဏ္ဏဝါကားလာချိန်ကို နာရီလက်တံလို သဘောထားကြတယ်။ အဏ္ဏဝါက မော်လမြိုင်ကို တက်ပြီဆိုယင် ဒါက (၃)နာဍီရှိပြီပေါ့။

စာရေးသူလည်း ဒီတစ်ခါ လမ်းစရိတ်ကို ချွေတာချင်လို့ အဏ္ဏဝါကို စီးပါတယ်။ စောစောစီးစီးဆိုတော့ ထိုင်ခုံရပါတယ်။ ဘေးနားက မွန်ဒကာမတစ်ယောက်လည်း ထိုင်ခုံရပါတယ်။ ကားထွက်ခါနီးအချိန်မှာ အပြာရောင်အင်ကျီနဲ့ ကုလားတစ်ယောက် တက်လာတယ်။ သူက ကားကို တစ်ချက်ဝေ့ကြည့်ပြီး အပုံရတယ့် မွန်အမျိုးသမီးကြီးဆီကို တန်းလာပါတယ်။ အနားရောက်တော့ အဲဒီမွန်အမျိုးသမီးကို ထခိုင်းပါတယ်။ ဟိုဒကာမက ဘုမသိဘမသိနဲ့ ထပေးလိုက်တယ်။ လစ်လပ်သွားတယ့်ခုံမှာ အာဂကုလားက ဝင်ထိုင်ပါတယ်။

စာရေးသူက ဒကာမကို မွန်ဘာသာနဲ့ မေးတယ်။ သူ့ထိုင်ခုံဖြစ်ကြောင်း သေချာလို့ အဆိုပါကုလားနဲ့ စကားပြောရတယ်။ ဒကာ ဒီထိုင်ခုံမှာ ဒီဒကာမ ထိုင်နေခဲ့တာ တစ်နာရီလောက် ရှိပြီ၊ သူ့ ထိုင်ခုံ သူ့ပြန်ပေးပါလို့ ကောင်းကောင်းပြောတယ်။ ဒါ ဘုန်းကြီးအလုပ်မဟုတ်ဘူး၊ လူတွေကိစ္စပါတဲ့ ပြောပုံက။ ငါ့အလုပ် ငါသိတယ်၊ မတရားတာကို တရားအောင် လုပ်ရမှာက ငါ့အလုပ်ပါ၊ ခင်ဗျား ထမလား မထဘူးလား တစ်ခွန်းပဲ ပြောပါလို့ စာရေးသူက ခပ်မာမာ ပြန်ပြောပါတယ်။ ဘုန်းကြီး ပြဿနာဖြစ်ချင်လားတဲ့ သူက ခြိမ်းခြောက်ပါတယ်။ ဒီစကား ခင်ဗျားကို ကျုပ်မေးရမှာ၊ ခင်ဗျားကို ကားပေါ်က တွန်းချရမလားလို့ ပြန်မေးတော့ သူက နည်းနည်းရှိန်သွားတယ်။

ဘေးနားက မွန်နဲ့ဗမာတွေပဲ ရှိကြတယ်။ ရှိတယ့်ကုလားက သူတစ်ယောက်ထဲရယ်။

သူက ထိုင်ခုံကနေ ထပေးခဲ့တယ်။ ဖားအောက်ရောက်တော့ ဆင်းသွားတယ်။ ဖားအောက်ဆိုတာ မွန်ရွာကြီးပါ။ သူတို့က လူဦးရေအရဆိုယင် ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။


ရန်ကုန်မှာ ဟာဂျီ

စာရေးသူ ရေးဖူးပါတယ်။ ၁၉၉၇ ခုမှာ ဘုန်းကြီးနဲ့ကုလား အရေးအခင်း ဖြစ်ပါတယ်။ စာရေးသူတို့သာသနာ့တက္ကသိုလ်မှာ ကုလားကုမ္ပဏီက ဆေးသုတ်ဖို့ ကန်ထရိုက်ရခဲ့တယ်။ ဆေးသုတ်ရင်း ရေပုံဘိုင်မှာ ၇၈၆ သွားရေးတာကိုး။ ကမ္ဘာအေးမှ ၇၈၆ ရေးရကောင်းလား ဆိုပြီး စာသင်သားတွေ ဒေါပွကြတယ်။ ပေါက်ကွဲလုမတတ်ပေါ့။ ကံဆိုးချင်တော့ ဆွမ်းခံတယ့်ကိုရင်တစ်ပါးကို ကမ္ဘာအေးရှေ့မှာ ကုလားက ပါးရိုက်သတဲ့။ ဟုတ်တယ်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုန်းကြီးတွေကို ထိန်းလို့မရတော့ဘူး။

အဓိကရုဏ်းက တစ်နိုင်ငံလုံး ပြန့်သွားတော့ အဲဒီနှစ် ပထမပြန် စာမေးပွဲတောင် ပိတ်လိုက်ရတယ်ထင်တယ်။

ဒီအချိန်မှာ စာရေးသူက ရောင်နီထွန်းကားစီးလို့ မုဒုံကို ပြန်လာတယ်။ လက်မှတ်ရောင်းက စာရေးသူကို ဟာဂျီတစ်ယောက်နဲ့ တွဲရောင်းမိတယ်။ လူတွေက ပြဿနာတော့ တက်တော့မပဲဆိုပြီး နေရာချင်းလဲဖို့ စပယ်ယာကို ဝိုင်းပြောကြတယ်။ စာရေးသူက အတူထိုင်လို့ အဆင်ပြေလားလို့ ဟာဂျီကို မေးပါတယ်။ ရပါတယ်လို့ သူက ပြောတော့ ဒါဆို ဒို့အတူ ထိုင်ကြမယ်၊ ဘာသာရေးခေါင်းဆောင်အချင်းချင်း ရန်ဖြစ်နေကြယင် ထမင်းအိုးကွဲတယ့်ကိန်းနဲ့ တိုးမယ်လို့ သူ့ကို နောက်လိုက်သေးတယ်။ ညလုံးပေါက် ဘာသာရေးအကြောင်း ဆွေးနွေးခဲ့ကြတယ်။ လူတွေနားလည်မှာစိုးလို့ အင်္ဂလိပ်လိုပဲ ပြောကြတာ များတယ်။ နောက်ဆုံးတော့ သူက ဘုန်းကြီးတွေအားလုံး အစ္စလာမ်ဘာသာကို အရှင်ဘုရားလို နားလည်ယင် ဘယ်လောက်ကောင်းမလဲလို့ ပြောတယ်။ စာရေးသူကလည်း သူ့ကို ပြောတယ်။ ဒကာလိုပဲ အမြင်ကျယ်ပြီး မျှမျှတတစဉ်းစားတတ်တယ့် မူစလင်တွေ များလာယင် ကောင်းမှာပဲဆိုတော့ သူက ခေါင်းညိတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မတူညီတာကို ဘေးဖယ်ပြီး တူညီတာကို ပေါင်းစုနိုင်မှပဲ ဒီကမ္ဘာကြီးက ငြိမ်းချမ်းနိုင်မှာပါ။ အရှေ့တောင်အာရှက မူစလင်တွေနဲ့ အာရပ်ကမ္ဘာက မူစလင်တွေ လုံးဝကို ကွာခြားပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ရောရောနှောနှော နေရင်းနဲ့ သူတို့က မသိမသာ ပြောင်းလဲလာတယ့်သဘောပါ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်း သူတို့ဆီက ဘာတွေ အတုယူလို့ရနိုင်မလဲ စဉ်းစားစေချင်တယ်။


ရန်ကုန်မှ လမ်းသရဲ (၂)ယောက်

ရန်ကုန်ဘယ်မြို့နယ်ကလည်း မမေးပါနဲ့။ တမင်ထိမ်ချန်ချင်လို့ပါ။ စာရေးသူက ရွာက ဆယ်တန်းဆက်တိုက်ကျနေတယ့် ကျောင်းသားကျောင်းသားအချို့ကို ရန်ကုန်မှာ ကျူရှင်လာတက်ခိုင်းလေ့ ရှိပါတယ်။ ကျောင်းသားများဆိုယင် ဘုန်းကြီးကျောင်းမှာ ထားပါတယ်။ ကျောင်းသူများဆိုယင် အသိအိမ်မှာ လခပေးပြီး နေစေရပါတယ်။

တစ်ခါမှာ ကျောင်းသူတစ်ယောက်က စာရေးသူကို တိုင်တယ်။ ကုလား(၂)ယောက်က သူ့နောက်ကို လိုက်နေတယ်ဆိုပဲ။ မကြိုက်ကြောင်း၊ စာမေးပွဲအတွက် ကျူရှင်လာတက်တာ ဖြစ်လို့ မနှောင့်ယှက်စေချင်ကြောင်း ပြောတော့လည်း မရဘူးဆိုပဲ။ အိမ်က လူကြီးတွေကို ပြောပြထားသင့်တယ်လို့ ပြောပြခိုင်းတယ်။ အိမ်ပိုင်ရှင်က မနှောင့်ယှက်ဖို့ ကုလား(၂)ယောက်ကို ကောင်းကောင်းမွန်မွန် ပြောတယ်။ ဒါပေမယ့် တစ်ခါမှာ ခြံဝင်းထဲအထိ ကုလား(၂)ယောက်က တိုးဝင်လာပါတယ်။ အိမ်ပိုင်ရှင်က အေးအေးဆေးဆေး ဖြေရှင်းလို့ ရတော့မယ့်ဟန်မပေါ်လို့ ရယကရုံးကို သွားတိုင်တယ်။

တိုင်တော့လည်း ကုလား(၂)ယောက်က ရောက်လာတုန်းပါပဲ။ နှောင့်ယှက်လို့ ကောင်းတုန်းပါပဲ။

နောက်ဆုံးမှာ အိမ်ပိုင်ရှင်က စာရေးသူကို အကူအညီ တောင်းရတယ်။ စာရေးသူလည်း မလွဲမရှောင်သာ အဲဒီရယကရုံးကို သွားရတယ်။ ရုံးကို ဝင်ပြီး ရကယဥက္ကဋ္ဌကို ရှာတယ်။ သူက သူ့အခန်းမှာ အခန့်သင့် ထိုင်နေတယ်။ ဦးဇင်း ဘာကိစ္စလဲလို့ မေးတယ်။ ဒကာ ဦးဇင်း ပြောရမှာ နည်းနည်းအားနာတယ်၊ ဒါပေမယ့် ပြောခွင့်ပြုပါ၊ ဒီရပ်ကွက်မှာ ဦးဇင်းတပည့်တွေ နေပါတယ်၊ ကုလား(၂)ယောက်က နှောင့်ယှက်နေလို့ သူတို့စာမေးပွဲကို မထိခိုက်စေလိုပါလို့ ပြောရတယ်။ အရှင်ဘုရားက ဘယ်ကလဲ၊ ဘာလုပ်နေလဲ၊ အခု ဘာသဘောနဲ့ လာတာလဲ ဆိုပြီး အရင်းစစ်မေးပါတယ်။

မကြာပါဘူး။ အသက်ခပ်ကြီးကြီး ကုလားတစ်ယောက် ဝင်လာပါတယ်။ ဘာတွေ ပြောနေကြလဲလို့ သူက မေးတော့ ဟိုကလေး(၂)ယောက်အကြောင်းပဲလို့ ဥက္ကဋ္ဌက ပြောတော့ အော် လူငယ်တွေကိစ္စပဲတဲ့။ ကုလားလည်း ရယကအဖွဲ့မှာ ပါသတဲ့၊ ကုလားလူငယ်(၂)ယောက်ထဲက တစ်ယောက်ရဲ့ ဦးလေးတော်သူဆိုပဲ။

လူငယ်တွေကိစ္စဆိုပေမယ့် မိန်းကလေးဘက်က မကြိုက်ယင် မနှောင့်ယှက်ဖို့ လိုပါတယ်၊ နောက်ပြီး အိမ်တိုင်ယာရောက် နှောင့်ယှက်တာဟာ ဥပဒေမဲ့တယ့်လုပ်ရပ်ပါလို့ ပြောတော့ လူငယ်တွေဆိုတော့ အရှင်ဘုရား သည်းခံပါတဲ့။ ဆက်ပြီး နှောင့်ယှက်နေယင် သည်းမခံနိုင်ပါလို့ ပြန်ဖြေတယ်။ အရှင်ဘုရားမှာ ဘာအစွမ်းအစရှိသလဲတဲ့ဗျာ ဥက္ကဋ္ဌက လေသံခပ်မာမာနဲ့ ပြန်ဟောက်တယ်။ ဒကာကြီးက ကုလားကို လျှော့တွက်လွန်းနေတယ်၊ တစ်ခုခု ဖြစ်ယင် ဒကာကြီး တာဝန်ယူနိုင်မလားလို့ သူ့ကို မေးတော့ ဒို့စစ်အစိုးရက ဘယ်သူ့ကိုမှ လျှော့မတွက်ဘူး၊ ကုလားကိုလည်း လျှော့မတွက်ဘူး၊ တိုင်းရင်းသားတွေကိုလည်း လျှော့မတွက်ဘူး၊ ဘယ်ကောင်ကိုမှ လျှော့မတွက်ဘူးသတဲ့ဗျား။ (မယုံမရှိပါနဲ့)

စာရေးသူကလည်း ခပ်ပြတ်ပြတ်ပဲ။ ဒါဆိုလည်း အဲဒီကုလား(၂)ယောက်က ကျုပ်တပည့်တွေကို ဆက်ပြီး နှောင့်ယှက်နေယင် ဘာပဲဖြစ်လာလာ ခင်ဗျားတာဝန်ပဲလို့ ပြောပြီး ပြန်ကြွခဲ့တယ်။ ကံကောင်းလို့ အဲဒီကုလား(၂)ယောက်လည်း ကျုပ်တပည့်တွေနဲ့ ဝေးဝေးရှောင်ရပါတော့တယ်။



ဘာကြောင့်ရေးရလဲ

ဒီစာကို ရေးခြင်းမှာ ကုလားများကို သာစေ၊ နာစေ ရေးလိုရင်းမဟုတ်။ သဘောသဘာဝကို ရေးခြင်းဖြစ်တယ်။ မိန်းကလေးကို နှောင့်ယှက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများကို ကုရ်အမ်ကျမ်းစာကလည်း ခွင့်မပြုပါဘူး။ ဒါပေမယ့် ဒီလူတွေက ကျူးလွန်ပါတယ်။ မူစလင်ဆိုကတည်းက အလ္လာသ်အရှင်မြတ်ရဲ့ အမိန့်ကို တသွေမတိမ် နာခံရပါတယ်။ မနာခံယင် မူစလင်မဟုတ်တော့ပါဘူး။ ပြစ်မှုကျူးလွန်သူကို အလ္လာသ်အရှင်မြတ်ကလည်း ကာကွယ်ပေးမှာမဟုတ်ဘူး။ ပြစ်မှုကျူးလွန်သူဟာ သူ့ပြစ်မှုအလျှောက် ကျခံရမှာဖြစ်တယ်။ ဒါကို မူစလင်များကို ဝေဖန်တိုက်ခိုက်နေတယ်လို့ မမြင်စေလိုပါ။

ထိုနည်းလည်းကောင်းပါပဲ။ လူသတ်မှု၊ မုဒိမ်းမှုများကို ဗုဒ္ဓဘာသာမှာလည်း တားမြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေလည်း လူသတ်ချင်သတ်နေမှာပဲ။ မုဒိမ်းကျင့်မှုများလည်း ပေါ်ပြူလာဖြစ်ပါတယ်။ မယားမြှောင်ထားတာလည်း ခေတ်စားပါတယ်။ ဒီလူတွေ ချိုးဖောက်လို့ ဗုဒ္ဓဘာသာကို အပြစ်တင်ရမလားဆိုတော့ မဟုတ်ပါ။ ဒီလူတွေက ဗုဒ္ဓဘာသာကို မလိုက်နာကတည်းက ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပြီ။

ဆိုလိုရင်းက လူဆိုတာ ဘာသာပေါင်းမြောက်များစွာ ပြောင်းခဲ့ယင်လည်း မိမိအဇ္ဇျတ္တအသွင်ကို မပြောင်းနိုင်က ထိုလူပဲ ဖြစ်မှာပါ။ လူကောင်းလူဆိုးဆိုတယ့်နေရာမှာလည်း ဘာသာတိုင်းမှာ ရှိကြပါတယ်။ ဒီသဘောတရားကို လက်ကိုင်ထားပြီး ပြဿနာကို ကွက်ကွက်ကွင်းကွင်း မြင်တတ်ဖို့ပါပဲ။


ရိုဟင်ဂျာဟာ ဘာသာရေးပြဿနာမဟုတ်

မြန်မာပြည်မှာ ဖြစ်ပေါ်နေတယ့် ရိုဟင်ဂျာပြဿနာဟာ ဘာသာရေးပြဿနာမဟုတ်ပါ။ နိုင်ငံရေးပြဿနာ ဖြစ်တယ်။ ဒီရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကို သစ္စာခံမှာမဟုတ်ဘဲ အာရပ်ကမ္ဘာကို သစ္စာခံမှာ အသေအချာပါပဲ။ အခုကတည်းက အီဂျစ်မှာ သူတို့ဆန္ဒပြကြပါတယ်။ ဗြိတိသျှပါလီမာန်ကို သတင်းအမှားတွေ ပေးပါတယ်။ ပညာရှင်(၂)ဦးက သက်သေအဖြစ် ထွက်ဆိုပါတယ်။ ဒါတွေဟာ ရိုဟင်ဂျာတို့ရဲ့ တိုက်ကွက်ပါ။

ရိုဟင်ဂျာတွေက ဒေါ်အောင်ဆန်းစုကြည်ကို အမိဖမ်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မမိခဲ့ပါဘူး။ ခြေတစ်လှမ်းဆုတ်သွားလို့ ဗြိတိသျှပါလီမာန်နဲ့ တိတ်တဆိတ်တွေ့ပြီး ကျေညာချက်ထုတ်ပြန်ရတာ ဖြစ်တယ်။ ဒါတွေက နည်းပရိယာယ်အင်မတန်ကြွယ်ဝတယ့် ခြေလှမ်းတွေပါ။ ဒါတွေကို တုတ်ဓားကိုင်ပြီး ဖြေရှင်းလို့ရတာမဟုတ်။ သူတို့က ဖောင်တိန်နဲ့တိုက်ယင် ဒို့ဘက်ကလည်း ကလောင်စွမ်းပြရတော့မှာဖြစ်တယ်။ ဗြိတိသျှအစိုးရ နားဝင်အောင် ဘယ်လိုစွမ်းဆောင်ရမလဲ နည်းလမ်းရှာဖို့ပါပဲ။ မရှိတယ့်ရိုဟင်ဂျာကို မရှိဘူးလို့ မပြောဝံ့လောက်အောင် ဒို့တတွေမှာ သတ္တိကြောင်စရာ အကြောင်းမရှိ။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများကို ညင်ညင်သာသာ ချဉ်းကပ်တတ်ဖို့ လိုပါတယ်။


ဒီဆောင်းပါးကို ရေးခြင်းမှာ အဓိကရုဏ်းဖြစ်စေဖို့မဟုတ်

အဓိကရုဏ်းဖြစ်တိုင်း အပြစ်မဲ့သူများ သေဆုံးကြရပါတယ်။ မသိနားမလည်သူများ ဆုံးပါးကြရပါတယ်။ အကာအကွယ်မဲ့သူများ နစ်နာကြရပါတယ်။ ဒါကြောင့် စာရေးသူက အဓိကရုဏ်းကို အားမပေးပါ။ ဒါပေမယ့် ဖြစ်လာယင်တော့ မိမိအသက်ကို ကာကွယ်ပိုင်ခွင့်တော့ မြတ်ဗုဒ္ဓက ခွင့်ပြုပါတယ်။ ဒါဆိုယင် ဘာကြောင့် ဒီဆောင်းပါးကို ရေးရသလဲဆိုတော့....

၁။ အစ္စလာမ်ဘာသာကို ဦးတည်ပြီး မတိုက်ခိုက်ကြပါနဲ့။ မရှိတယ့်ရိုဟင်ဂျာကိုပဲ မရှိအောင် လုပ်ပါ။

၂။ ရိုဟင်ဂျာဝတ်ရုံခြုံထားတယ့် ဘင်္ဂါလီများကို သတိထားပါ။

၃။ သူတို့ကို ဌာနေတိုင်းရင်းသားများအဖြစ် အသိအမှတ်မပြုဖို့၊ ပြုတယ့်အစိုးရကို ပြုတ်ကျအောင် ချဖို့ လိုတယ်။

၎။ သူတို့ကို နိုင်ငံသားအဖြစ် လက်မခံရပါ။ ဧည့်နိုင်ငံသားတောင် ပေးဖို့ မသင့်ပါ။ ဘင်္ဂလားဒေ့ရှ်သန်းခေါင်းစာရင်းနဲ့ မြန်မာသန်ခေါင်းစာရင်း ညှိုပြီး ဆုံးဖြတ်ရမယ်။ ဆွေမျိုး(၇)ဆက် ညှိုလိုက်ယင် ဗူးပေါ်သလို ပေါ်လာမှာပါ။

၅။ တကယ်လို့ သူတို့မှာ ခိုင်လုံတယ့် စာရွက်စာတမ်းများ မရှိက ဘင်္ဂလားဒေ့ရှ်က သူတို့အတွက် ဒုက္ခသည်စခန်းဖွင့်သလိုပဲ ရခိုင်ဘက်မှာလည်း ဒုက္ခသည်စခန်းတစ်ခု ဖွင့်ပြီး သူတို့ကို နေခိုင်းသင့်တယ်။

ထူးမခြားနား

mostsaing
ရေနောက်အောင် လုပ်နေတယ်

လယ်သမားတွေရဲ့ဘဝကို ကရုဏာမသက်ဘဲ လယ်မြေများကို သိမ်းယူခဲ့ခြင်း၊ သိမ်းယူနေဆဲအစိုးရ။

အဓိကရုဏ်း (အထိကရုန်းမဟုတ်)ဖြစ်ဖို့ ကိုယ်တိုင်လုပ်သလို သူ့ဟာသူ ဖြစ်လာခဲ့ယင်လည်း အမြတ်ထုတ်တတ်တယ့်အစိုးရ။

တိုင်းရင်းသားမဟုတ်သူများကို မျက်နှာသာပေးခဲ့သူ၊ ပေးနေဆဲအစိုးရ။

မိမိတိုင်းရင်းသားများကို အခွင့်အရေးမပေးဘဲ နှိပ်စက်ခဲ့၊ နှိပ်စက်နေဆဲအစိုးရ။

မိမိကျူးလွန်ထားတယ့် စစ်ရာဇဝတ်မှုများကို ဥပဒေနဲ့ အကာအကွယ်ယူပြီး စာနယ်ဇင်းလောကကို တရားစွဲမယ့်တကဲကဲ ဖြစ်နေတယ့်အစိုးရ။

မိန်းမပျက်ပါးစပ်လို ကတိတွေကို ဖော်ဖော်သီသီပေးပြီး လွယ်လွယ်ကူကူ ချိုးဖောက်နေတယ့်အစိုးရ။

ကိုယ်နှုတ်နှလုံး စောင့်စည်းမှုမရှိတယ့်အစိုးရ။

အားလုံး ခြုံကြည့်လိုက်ယင် ဒီအစိုးရဟာ ပြည်သူတို့ရဲ့စိတ် ဇဝေဇဝါ ဖြစ်အောင် တမင်အကွက်ဆင်နေခြင်းမျှသာ ဖြစ်တယ်။ အနားယူသွားလေသူဆရာကြီး လက်ရာအတိုင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းမျှသာ ဖြစ်တယ်။ ရေနောက်အောင် မွှေနှောက်နေရုံမျှသာ ဖြစ်တယ်။ တကယ် အလုပ်လုပ်တယ့်အစိုးရ မဟုတ်။ မျက်နှာအပြကောင်းအောင် တိုင်းပြည်ကို ရောင်းစားနေတယ့်အစိုးရမျှသာ ဖြစ်တယ်။


စော်ကားလွန်းလှတယ်

ရခိုင်ပြည်နယ်မှာ ဖြစ်တယ့်ပြဿနာမှာ ရခိုင်လူမျိုးများကို တိုင်ပင်ခြင်းမပြုဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို မျက်နှာချိုသွေးပြီး ပြုမူခြင်းမှာ ပြည့်တန်ဆာကျင့် ကျင့်ခြင်းဖြစ်တယ်။ မဲလိမ်ပြီး တက်လာတယ့်အမတ်တွေ၊ မဲမရှိဘဲ တက်လာတယ့်အမတ်တွေ၊ မဲနိုင်လို့ တက်လာတယ့်အမတ်တွေ စုဝေးနေထိုင်ရာ ပြည်ထောင်စုလွှတ်တော်ရှိရက်သားနဲ့ မတိုင်ပင်ဘဲ အရေးကြီးတယ့် လူဝင်မှုကိစ္စကို လက်လွတ်စံပယ် လုပ်နေခြင်းမှာ လွှတ်တော်က အခွန်လွှတ်ဈေးလောက်တောင် တန်ဖိုးမရှိ ဖြစ်နေပြီ။

မြစ်ဆုံဆည်ကို နားထားတယ့်သမ္မတကို လူတွေ ဝိုင်းချီးကျူးကြတယ်။ အခု မြစ်ဆုံဆည်ကို ပြန်ဆောက်ပြီ။ ပြည်သူတွေကို နားလှည့်ပါးရိုက်ခြင်းဖြစ်တယ်။ မီဒီယာရှေ့မှာ ပြောတာတစ်မျိုး၊ ကွယ်ရာမှာ ဖြစ်နေတာက တစ်မျိုး လူလိမ်လူညာပလီပလာအဆင့်ကနေ တက်လာခြင်းမရှိသေးပါ။ လူပုံအလယ်မှာ ပုဆိုးက္ပွ္ပျတ်ရတာထက် ရှက်ဖို့ကောင်းပါတယ်။

ရေနံဓာတ်ငွေ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝင်ငွေထွက်ငွေကို စာရင်းမပြကြပါ။ အစိုးရကလည်း ယင်းဝင်ငွေများကို နိုင်ငံတော်ဝင်ငွေစာရင်းမှာ မပြပါ။ ပြခဲ့ယင်လည်း စာရင်းအတုသာ ဖြစ်တယ်။ စာရင်းဝှက်ခြင်း၊ စာရင်းအမှားပြုခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ထိုနိုင်ငံခြားသားများနဲ့သမ္မတအစိုးရအဖွဲ့ဝင်တို့ကို သေဒဏ်ပေးသင့်တယ်။ (အမှန်တကယ်ပေးရမယ်လို့ မပြောပါ) ဒဏ်ငွေဘီလီယံပေါင်းများစွာ ရိုက်သင့်တယ်။ အခု သူတို့ကို ဆန္ဒပြသူများကိုသာ အပြစ်ပေးခံနေရတယ်။ ဒါတွေဟာ သူခိုးလူကို ဟစ်ခြင်းသာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါတယ်လို့ အသံကောင်းဟစ်ခဲ့တယ်။ ကြံ့ဖွတ်အမတ်တွေ ပြည်ပလေ့လာခရီး ထွက်ရုံနဲ့ သတင်းထဲ ထည့်ရေးတတ်တယ်။ အခု လူထုခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ကို စိုးစိမျှ ဖော်ပြခြင်းမရှိ။ သမ္မတသိန်းစိန်မှာ စိတ်နှလုံး မွန်မြတ်ခြင်းမရှိ၊ ကျယ်ပြောခြင်းမရှိ။ ဣဿာပွားမှုသာ ရှိတယ်။ မြန်မာနိုင်ငံဆိုတာ ဘာလဲ ဒီတစ်ချက်ထဲနဲ့ သိတယ်။ မရင့်ကျက်သေးတယ့် သိန်းစိန်တို့ဟာ စစ်အစိုးရကျင့် စစ်အစိုးရကြံ ကြံနေတုန်းဆိုတာ မမေ့ကြဖို့လိုတယ်။

တိုင်းရင်းသားတွေကတော့ အလိမ်ခံသင့်တယ်။ လက်ရှိနည်းအတိုင်း ဒီအစိုးရ လိမ်လာတာ အခါပေါင်းမနည်းတော့ဘူး။ ယုံလို့ကောင်းတုန်းဆိုတော့ လိမ်သူအပြစ်မဟုတ်တော့။ တပ်(မတော်)က ကချင်မှာ ကိုယ့်သွေးချင်းတွေကို သတ်ဖြတ်နေတယ်၊ နှိပ်စက်နေတယ်၊ ဒုက္ခသည်စခန်းဝင်ပြီး ဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်၊ ဒါတွေကို ကန်းလို့ မမြင်ရတာလား၊ ပင်းလို့ မကြားရတာလား၊ အလို့ ပြောမထွက်တာလား စဉ်းစားစရာပါပဲ။ ပင်လုံထက် ကျယ်ပြန့်သောညီလာခံကို မျှော်လင့်နေပုံရတယ်။ ပင်လုံထက် ကျယ်ပြန့်သော ဆိုသည်မှာ ပင်လုံထက် ရှုပ်ထွေးသော ဟု အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်။ ၂၀၀၈ ဥပဒေကို ကျော်ပြီး သူတို့ ဘာမှ မပေးဘူးဆိုတာ သိထားကြစမ်းပါ။ နွားသိုးကြိုးပြတ်စစ်တပ်နဲ့ ဇက်ကြိုးမပါတယ့် UNFC တို့ အကြိတ်အနယ် တွေ့ရမယ့်ပွဲပါပဲ။


ထူးမခြားနားပါပဲ

လက်ရှိအပြောင်းအလဲမှာ သာယာနေတယ့် ပုဂ္ဂိုလ်တွေက ဒီစာကို အကြိုက်တွေ့ကြမှာမဟုတ်ဘူး။ အရင်က အပစ်ရပ်တွေ ပြောသလိုမျိုး တပ်က နည်းနည်းငြိမ်သွားတယ်။ လမ်းပမ်းဆက်သွယ်ရေးကောင်းလာတယ်။ စာပေယဉ်ကျေးမှု အသက်ရှုခွင့်ရတယ်။ ဒါပေမယ့် စစ်တပ်က သူတို့ဒေသကို တိုးဝင်လာတာ၊ စစ်စခန်းတွေ တိုးချဲ့လာတာ၊ မဟာဗျူဟာမြောက်နေရာတွေကို ယူကုန်တာကို သူတို့က ပြောဖို့သတ္တိ သိပ်မရှိကြဘူး။

အခုလည်း လွှတ်တော်နိုင်ငံရေးခေတ်စားလာတယ်။ ဒီလွှတ်တော်ကို အရင်းပြုလို့ သိန်းစိန်အစိုးရက ဆွမ်းလောင်းမလိုနဲ့ ဘုန်းကြီးသပိတ်ထဲက ဆွမ်းကို ခပ်ယူသွားတယ့်သဘော ဖြစ်နေတယ်။ အပြင်ပန်းကြည့်ရယင် ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းလှုပ်လို့ ရလာတယ့်သဘော ဖြစ်တယ်။ ဒါပေမယ့် သိန်းစိန်အစိုးရက ကွင်းတစ်ဝက် ဖိကစားထားတာကို ထောင့်စုံလေ့လာကြည့်ယင် သိသာပါတယ်။ အရင်းစစ်အစိုးရလိုပဲ သိန်းစိန်အစိုးရက ကဏ္ဍပေါင်းစုံမှာ နေရာတိုးယူနေတယ်။

သူ့အစိုးရအဖွဲ့ဝင်များ

သူ့ခရိုနီများ

သူ့ဆွေမျိုးပေါက်ဖော် (တရုတ်နဲ့ကုလားအပါအဝင်)များ

အနောက်တိုင်းနိုင်ငံ (အမေရိကန်အပါအဝင်)များ

၈၈ မျိုးဆက်များ

စသည်ဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ အင်အားတောင့်တင်းအောင် ကြိတ်ကြံနေတာကို တွေ့ရတယ်။ အတော်အသင့်လည်း အောင်မြင်မှု ရှိပြီဖြစ်တယ်။ သူတို့အာဏာဒေါင့်တိုင် ခိုင်ခန့်သထက်ခိုင်ခန့်အောင် ဒေါင့်စုံ ကြိုးပမ်းနေတယ်။

ဒီတော့ အရင်းက စစ်အစိုးရနဲ့ လက်ရှိသိန်းစိန်အစိုးရ လုပ်နည်းကိုင်နည်းက ထူးသလိုနဲ့ အတူတူပါပဲ။


ထူးမလား စောင့်ကြည့်ဦးမယ်

၁။ ဒီဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို တက်ပါ့မယ်။ သူ့ပြည်ပခရီးထက် ပိုစိတ်ဝင်စားတယ်။ ဥပဒေကို ဘယ်လောက်ပြင်နိုင်မလဲ၊ ပြင်ထားတယ့်ဥပဒေ ဘယ်လောက်အသက်ဝင်မလဲ၊ ရိုဟင်ဂျာလို ကြီးကျယ်တယ့်ပြဿနာတွေတောင် လွှတ်တော်အရေးပေါ်ခေါ်ယူပြီး လူဝင်မှုဥပဒေကို သုံးသပ်ခွင့်မပြုဘဲ ထင်ရာစိုင်းလုပ်သွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ရောက်ပြီးယင် ဘာများထူးလာမလဲ စောင့်ကြည့်လေ့လာသင့်တယ်။

၂။ နိုင်ငံသားတွေကို ကျေးကျွန်လို ဆက်ဆံနေဆဲ မြန်မာအစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့တာဝန်ဝတ္တရားကို ဘယ်လောက်လေးစားဖြည့်ဆည်းပေးနိုင်မလဲ။ လယ်မြေတွေကိုသိမ်းပြီး ခရိုနီတွေနဲ့ ဝေမျှဝေစားလုပ်နေဦးမလား။ ပြည်သူက ရွေးချယ်တယ့်အစိုးရ၊ ပြည်သူအတွက် အစိုးရ၊ ပြည်သူတို့ရဲ့အစိုးရ ဖြစ်လာမလား။ ဒါလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အစိုးရက ဒီမိုကရေစီအစိုးရမဖြစ်သရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားနေတယ်လို့ ဘယ်သူပြောလဲ။ ပြောယင်လည်း ယုံမှာမဟုတ်။

၃။ တိုင်းရင်းသားတွေရဲ့ကိစ္စကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ တိုင်းရင်းသားတွေဟာ သူတို့အချင်းချင်း ယုံကြတာထက် စစ်အစိုးရကိုပဲ ယုံကြတာ များတယ်။ စကားအရ သူတို့ ညီညွတ်ကြပါတယ်။ ဘဝတူတွေ ဖြစ်လို့ သူတို့ စုစည်းသလို ဖြစ်ကြပေမယ့် တကယ့်အရေးမှာ စစ်အစိုးရကိုပဲ အားကိုးကြတာ များပါတယ်။ ဒီသမိုင်းကို သူတို့ငြင်းလို့ မရပါဘူး။ အချင်းချင်းသစ္စာဖောက်ပြီး စစ်အစိုးရနဲ့ပေါင်းဖို့ ဘယ်တုန်းကမှ ဝန်မလေးတယ့်အဖွဲ့များ ဖြစ်ကြတယ်။ ဒီတစ်ခါမှာလည်း သူတို့က ဦးအောင်မင်းကို ယုံပြီး ပုံအပ်လိုက်ပြန်ပြီ။ ၂၀၁၅ မတိုင်မီ ၂၀၁၄ လောက်မှာ ပင်လုံထက် ကျယ်ပြန့်သော ညီလာခံမှာ သူတို့ဘာများရနိုင်မလဲ ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတယ်။

အဆိုးမြင်ဝါဒီလို့ သတ်မှတ်ချင်သတ်မှတ်ကြ။ စာရေးသူက ဒီလိုပဲ မြင်ပါတယ်။ အကောင်းဆုံးကိုမျှော်လင့်ပေမယ့် အနာဂတ်ကိုတော့ မယုံဝံ့ပါ။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း

mostsaing
ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေးတင်ပြရန် ရှိသည်။ မြန်မာနိုင်ငံရေးပြဿနာတွင် တိုင်းရင်းသားအရေးသည် အရေးပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျှောက်သာ ရှိသည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည်မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်းအေးစေလိုရင်းရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။

စစ်အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်းမရှိသဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်းရည်လည်း မြင့်မားလာကြသည်ပင်။

သိန်းစိန်အစိုးရသည် အဆင့်(၃)ဆင့်ဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကျေညာသည်။ ပထမအဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ်ရပ်ရေးအတွက် တစ်နှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံးအပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ်က ကချင်ကို ထိုးစစ်ဆင်တုန်း ဖြစ်သည်။ ထို့ပြင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိသည်။ ပထမအဆင့်မှာပင် သိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်းမနိုင်နင်းမှုများကို တွေ့မြင်ရသည်။

ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခုမတိုင်မီ ၂၀၁၄ ခုလောက်မှာ အကောင်အထည်ဖော်မည်ဟု မကြာသေးခင်က သိန်းစိန်အစိုးရ ကျေညာသည်။ ကျေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ်နည်းကို ဝေဖန်စရာ ရှိသည်။ ဒုတိယအဆင့်ဖြစ်သည့် ဤနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်သော ညီလာခံတစ်ခု ဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက် ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊  ပြည်တွင်း(ပြည်ပ)အတိုက်အခံပါတီများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်င်ဂျီအို)များ၊ တိုင်းရင်းသားအဖွဲ့အစည်များကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသားညီလာခံနှင့် ခပ်ဆင်ဆင်တူသည်။

ပင်လုံထက် ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသားညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆိုသော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့်အကြောင်းအရာများကို အဆင်သင့်ပြင်ဆင်ထားပြီလား။ ဤညီလာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြားအသိပေးခဲ့ပြီလား။ ဤညီလာခံကို ပြည်တွင်းပြည်ပစာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံအသင်းဝင်အရာရှိများ၊ ကုလသမဂ္ဂအရာရှိများ တက်ရောက်လေ့လာခွင့်ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည်ပင်လုံညီလာခံတုန်းက ပေးထားသော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတစ်ခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစုဗမာနှင့် အခြားလူမျိုးများကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသယများကို ပွားစေမည့် ညီလာခံတစ်ခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတစ်ခုသာ ဖြစ်သင့်သည်။

ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရအရာရှိများက (၅၀)ရာခိုင်နှုန်း၊ အတိုက်အခံများက (၂၀)ရာခိုင်နှုန်း၊ အသိပညာရှည် အတတ်ပညာရှင်၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ (၂၀)ရာခိုင်နှုန်း၊ တိုင်းရင်းသားများက (၁၀)ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆိုလျှင် ပင်လုံထက် ရှုပ်သော ညီလာခံဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့်အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည်ရှိနေသော အမြင်မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။

ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူနေလို၍ လက်နက်ကိုင်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့်သုံးသော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majority Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင်ကာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။

တန်းတူရေး ဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း(၇)တိုင်းကို စုပေါင်း၍ ပြည်နယ်တစ်ခုနှင့် ဦးရေတူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများကို ခြယ်လှယ်ခြင်း လုံးဝမပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင် ယင်းအသိပညာရှင်၊ အတတ်ပညာရှင်များသည် ပြည်နယ်(၇)နှင့် တိုင်းပေါင်းစုံ(၁)ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက်ပါမည်။

ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တစ်ခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေအဖြစ် ပြုစေလျှင် လျှော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ သိန်းစိန်အစိုးရ၏ ဦးတည်ချက်များအနက် တစ်ခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါရည်မှန်းချက်အထမြောက်အောင်မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံ ရသည်။

လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေးရှိမရှိအပေါ်မှာ အခြေခံရမည်ဖြစ်သည်။ လက်ရှိလွှတ်တော်မှာ ဒီမိုကရေစီနည်းကျခြင်းမရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်ရှိနေသရွေ့ ဒီမိုကရေစီနည်းကျမည်မဟုတ်။ ဒီမိုကရေစီနည်းကျခြင်းမရှိသည့် လွှတ်တော်မှာ တန်းတူရေးရှိဖို့ မလွယ်ကူပါ။ တစ်ခါတရံမှာ ဒီမိုကရေစီရေးနှင့်တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေသေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါ။ ထိုသို့ ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်းစွပ်စေမည်းအလုပ် လုပ်မည်မဟုတ်ဟု ယူဆရသည်။

ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လွန်စွာ အရေးကြီးသည်။ စကတည်းက တန်းတူရေးမဖြစ်လျှင် ဝင်မပါသည်က ကောင်းသည်။ တန်းတူရေး ဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများ တိုက်နေသည့်တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအတိုက်အခံအင်အားစုများသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ကြ။ ဒီမိုကရေစီရေး (majority rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေစီရအောင် လုပ်နိုင်ခြေရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန်မဟုတ်ပါ။ တိုင်းရင်းသားများက တခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည်မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့စိတ်တိုင်းကျ ခေါ်နိုင်ဖို့ ဖြစ်သည်။ ယင်းပြည်နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စုအင်္ဂါရပ်နှင့် လျော်ညီပါမည်။

(မဂျော်ရတီရူးလ်နဲ့ အီကွောရတီ မျှတအောင် ကျင့်ကြံပုံကို အကြောင်းသင့်က ဆက်လက်တင်ပြပေးပါဦးမည်)

တန်းတူရေး ရှိမှသာ ပြည်ထောင်စုမှာ နေရတာ တန်မည် (Intrinsic Equality vs. Majority Rule)

mostsaing
လူများစုအုပ်ချုပ်ရေးကို ဒီမိုကရေစီဟု ယေဘုယျအားဖြင့် သတ်မှတ်ရသည်။ လူမျိုးတိုင်းမှာ အခွင့်အရေးညီတူညီမျှရှိသည်ကို တန်းတူရေးဟု ဆိုရသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ဒီမိုကရေစီစံနှုန်းရှိသည့် လူမျိုးတန်းတူရေး ရှိဖို့ ညှိရသည်။ သို့မှသာ ဒီမိုကရေစီအသီးအပွင့်ကို ပြည်သူတိုင်း ခံစားနိုင်ပြီး လူမျိုး၊ ဘာသာစကားကို အကြောင်းပြု၍ ဒုတိယတန်းစားနိုင်ငံသားများ မရှိတော့သည့် တန်းတူအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

ရိုးရိုးပင် တွေးကြည့်ပါ။ အသင်းအဖွဲ့တစ်ခုတွင် အသင်းဝင်များကို ခွဲခြားဆက်ဆံလျှင် ရေရှည်သွား၍ မရပါ။ ပြည်ထောင်စုတစ်ခုမှာလည်း အုပ်စုတစ်ခုက အခြားအုပ်စုများကို အနိုင်ကျင့်နေလျှင်၊ လူမျိုးတစ်မျိုးက အခြားလူမျိုးများကို နိုင်ထက်စီးနင်းပြုမူနေလျှင် ပြိုကွဲဖို့သာ ရှိသည်။ လူမျိုးတိုင်း အတူနေ၍ ရအောင် မူများ၊ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပေါ်လစီများ၊ လုပ်ဆောင်ချက်များ ညီတူညီမျှ ချမှတ်အကောင်အထည်ဖော်ရပါမည်။ ဒီမိုကရေစီစနစ်သည် ယင်းလိုအပ်ချက်များ၏ အခြေခံဖြစ်သည်။ ယင်းလိုအပ်ချက်များအပေါ် လွှမ်းမိုးမှု မရှိရပါ။

တန်းတူရေးဟု ဆိုရာ၌ လူမျိုးတစ်မျိုးက ကြက်ဆီထမင်းကြိုက်၍ ပြည်ထောင်စုတဝန်းလုံးမှာ ကြက်ဆီထမင်းချက်စေပြီး ညီတူညီမျှ စားသောက်စေသည်ကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိတို့အိမ်မှာ မိမိတို့ကြိုက်သည့် ဟင်းရမယ်များကို မိမိတို့ကြိုက်သည့်နည်းဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်နိုင်သည်ကို ဆိုလိုသည်။ လူမျိုးတိုင်းမှာ အကြိုက်ကိုယ်စီ ရှိကြ၍ တန်ဖိုးမတူကြပါ။ တန်းတူရေးသည် ယင်းအကြိုက်နှင့်တန်ဖိုးကို အလေးထားသည်။ ယင်းအကြိုက်နှင့်တန်ဖိုးကိုလည်း ပြည်ထောင်စုက သာစေနာစေ ဆရာကြီး ဝင်လုပ်စရာ မလို။ ဆရာကြီး ဝင်လုပ်မည့်အစား ယင်းအကြိုက်နှင့်တန်ဖိုးများကို ပြည်ထောင်စု၏ အမွေအနှစ်များအဖြစ် သတ်မှတ်ရသည်။ အကြိုက်နှင့်တန်ဖိုးမတူသူများ အတူယှဉ်တွဲနေထိုင်၍ ရသော ဝန်းကျင်တစ်ခုကို ညှိနှိုင်းပေးရသည်။ ဤသည်မှာ ပြည်ထောင်စု၏ အလုပ်ဖြစ်သည်။

ပြည်ထောင်စု၏ အလှသည် အရောင်အသွေးပေါင်း စုံလင်၏။ တစ်ရောင်တည်း ခြယ်ရန် မဟုတ်။ ပြည်ထောင်စု၏ သင်္ကေတသည် ကြယ်တစ်လုံးတည်း မဟုတ်၊ ကြယ်တာရာအပေါင်း ခညောင်းသည့်ည ဖြစ်သည်။ ပြည်ထောင်စုကို တစ်ရောင်တည်းခြယ် ကြယ်တစ်လုံးတည်း ထားလျှင် စိတ္တဇဆန်လှ၏။ ရင့်ကျက်မှု မရှိ။ အတူယှဉ်တွဲနေထိုင်ရေးကို တန်ဖိုးမထား။ ဗမာမှုပြုခြင်းသာ ဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ် ရှိခဲ့လျှင် ဤစိတ်နေစိတ်ထားကနေ စပြင်ရပါမည်။ ထိုသို့ ပြင်မှသာ ဗမာလူမျိုး၏ ကြန်အင်လက္ခဏာအစစ်အမှန်လည်း ပေါ်လာစရာရှိသည်။ အခြားလူမျိုးများလို ပြည်နယ်တစ်ခု ရပြီး တန်းတူရေးအသီးအပွင့်ကို အတူတူ ခံစားနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဆက်ဆက်သည် တန်တူးရေးနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့ကြသည်။ ပါလီမာန်ခေတ်တွင် ပြည်နယ်ပြည်မ ခွဲခြားခြင်းဖြင့် တန်တူရေးကို သေးသိမ်စေခဲ့သည်။ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် မဆလခေတ်တွင် တိုင်းနှင့်ပြည်နယ်(၁၄)ကို ဖန်တီးခြင်းဖြင့် တန်းတူရေးကို ပြက်ရည်ပြုခဲ့ပြန်သည်။ နဝတ၊ နအဖ၊ ကြံ့ခိုင်ရေးအစိုးရခေတ်တွင်လည်း ပြည်ထောင်စုနိုင်ငံဖြစ်သော်လည်း  ကြယ်တစ်ပွင့်ထားခြင်းဖြင့် တန်းတူရေးကို အသိအမှတ်မပြုခဲ့ချေ။ ဤမှားယွင်းသော အတွေးအခေါ်များကို မပြင်သေးသရွေ့ တန်းတူရေး မရှိနိုင်၊ တန်းတူရေးမရှိသေးသရွေ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်၊ ပြည်တွင်းစစ် မငြိမ်းသေးသရွေ့ ပြည်ထောင်စုကြီး သာယာဝပြောအောင် မလုပ်နိုင်ပေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရက ပြည်နယ်များသည်လည်း ပြည်ထောင်စုငယ်များ ဖြစ်ကြသည်ဟု ဆိုလေ့ရှိသည်။ ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။ သို့သော် ယင်းလူမျိုးပေါင်း (၁၃၅)မျိုးတို့၏ တန်းတူအခွင့်အရေးကို မပေးဘဲ ထို (၁၃၅)မျိုး၏ ပင်မလူမျိုး(၈)မျိုးကို ချုပ်ကိုင်ထားခဲ့သည်။ ဗမာအပါအဝင် မည်သည့်လူမျိးမှ မလွတ်လပ်တော့ပါ။ အမှန်တွင် အမျိုးသားပြည်နယ် အနည်းဆုံး(၈)ခုတွင် ယင်းလူမျိုးပေါင်း (၁၃၅)ခုတို့သည် တန်းတူရေးအပြည့်အဝဖြင့် နေထိုင်နိုင်မျှသာလျှင် စစ်မှန်သော ပြည်ထောင်စု ဖြစ်နိုင်သည်။ ပြည်ထောင်စုကြီးက အလှသွေးကြွယ်၍ တင့်တယ်ပါမည်။

ဥပမာအားဖြင့် မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်၊ ထားဝယ်နှင့် ဧည့်နိုင်ငံသား တရုတ်၊ ကုလား အစရှိသည်ဖြင့် နေထိုင်ကြသည်။ ဧည့်နိုင်ငံသား တရုတ်ကုလားများသည် မွန်ပြည်နယ်သားများ ဖြစ်လာကြမည်ဖြစ်သည်။ မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စာလှယ်များ မရရှိနိုင်သော်လည်း မိမိကြိုက်ရာအမတ်များကို မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ ဗမာအစရှိသော ကျန်တိုင်းရင်းသားများမှာ မွန်ပြည်နယ်ပါလီမာန်တွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံနိုင်ကြသည်။ ဤလူမျိုးပေါင်းစုံရှိသော မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေများ ပြုကာ မွန်ပြည်နယ်သူပြည်နယ်သားတို့ ရွေးချယ်တင်မြှောက်သော မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်ကို စီမံအုပ်ချုပ်ရသည်။ မွန်ပြည်နယ်ရှိ မွန်ပြည်နယ်အမတ်များသည် ဒီမိုကရေစီရေးနှင့် တန်းတူရေးတန်ဖိုးကို သိရှိနားလည်ပြီဖြစ်၍ ပြည်ထောင်စုကို တာဝန်ခံရာ၌ ဒီမိုကရေစီရေးနှင့်တန်းတူရေးကိစ္စရပ်များကို လွယ်လင့်တကူ လိုက်နာကျင့်သုံးနိုင်မည် ဖြစ်သည်။

ထိုနည်းတူစွာ ဗမာပြည်နယ်သည် အင်အားအကောင်းဆုံး ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာမည်မှာ သေချာလှသည်။ ထိုဗမာပြည်နယ်တွင်လည်း မွန်ပြည်နယ်တွင်ကဲ့သို့ ဒီမိုကရေစီရေးနှင့်လူမျိုးတန်းတူရေးကို အခြေခံရမည်ဖြစ်သည်။ ဗမာပြည်နယ်ပါလီမာန်တွင် လူမျိုးပေါင်းစုံ ပါဝင်မည်ဖြစ်ရာ အရောင်အသွေး စုံလင်လှ၏။ ဗမာပြည်နယ်အုပ်ချုပ်ရေးမှူး (သို့) ဗမာပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖူးသူသည် ပြည်ထောင်စုသမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်း များသည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ စံပြ ဖြစ်လာမည်မှာ သေချာလှသည်။ ဗမာစာ၊ ဗမာစကား၊ ဗမာ့ယဉ်ကျေးမှုသည် သီးသန့်ရှင်သန်ဖွံ့ထွားလာမည်ဖြစ်ရာ ဗမာ့တက္ကသိုလ်များသို့ တိုင်းရင်းသားပေါင်းစုံ လာရောက်လေ့လာကြမည်ဖြစ်သည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ ဝန်ထုပ်ဝန်ပိုးများကို သယ်စရာမလိုတော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် နေနိုင်ကြမည်ဖြစ်သည်။ အပြစ်ကင်းသည့် ဗမာများကို ပြည်ထောင်စုသားတိုင်း လေးစားအတုခိုးဂုဏ်ယူနေကြပါမည်။

ဤသို့ဖြင့် ပြည်နယ်တိုင်းမှာ Intrinsic Value မွေးရာပါကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်ကြသည်။ တိုင်းရင်းသားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဤ Intrinsic Value ကို အခြေခံသည့် Intrinsic Equality သဘောမျိုး ဖြစ်ကြောင်း တွေ့ရသည်။ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးပင် ဖြစ်သည်။ ပြဿနာမှာ ဤ Intrinsic Value သတ်မှတ်သည့်နေရာတွင် တပ်မတော်အသိုင်းအဝိုင်း၊ အစိုးရအသိုင်းအဝိုင်း၊ ဒီမိုကရေစီအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားအသိုင်းအဝိုင်းတို့ကြား ကွာဟမှုများ ရှိနေကြခြင်းဖြစ်သည်။ ဤ မွေးရာပါတန်းတူရေးသည် ဒီမိုကရေစီစံနှုန်းနှင့် ဆီလျှော်မှသာလျှင် ဗဟုဝါဒီများက လက်ခံနိုင်ဖွယ်ရာရှိသည်။ လောလောဆယ်တွင် ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို ကျင်းပပေးမည်ဟု အစိုးရက ကျေညာခဲ့သော်လည်း Intrinsic Equality နှင့် ပတ်သက်၍ မည်မျှလိုက်လျော်နိုင်မည်ကို မည်သည့်အဖွဲ့ကမှ ပွင့်လင်းမြင်သာမှု မရှိကြသေးချေ။

ဥပမာ Intrinsic Equality ကြောင့် ပြည်ထောင်စုတွင် လူဦရေးအများဆုံးဖြစ်သည့် ဗမာများ နစ်နာစရာ ရှိသည်။ ကရင်ပြည်နယ်တွင် လူများစုကရင်များ နစ်စနာစရာရှိသည်။ ကချင်ပြည်နယ်တွင် လူများစုကချင်များ နစ်နာစရာရှိသည်။ ထိုသို့ မနစ်နာရအောင် ဥပဒေပြုရေးကို Majority Rule အရ အောက်လွှတ်တော် (သို့) ပြည်သူ့လွှတ်တော်မှာ ထားရှိသင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီစံနှုန်းကို ကာကွယ်ထားခြင်းဖြစ်သည်။ Majority Rule ကြောင့် Intrinsic Values များ ယုတ်လျှော့မသွားအောင်၊ ပြည်ထောင်စုပီသအောင် ပြည်သူ့လွှတ်တော်က ပြုစုခဲ့သည့် ဥပဒေသည် ပြည်နယ်များမှ ဦးရေတူ ရွေးချယ်ပေးသည့် အထက်လွှတ်တော် (သို့) အမျိုးသားလွှတ်တော်အမတ်များကို ဖြတ်ရသည်။ ပြည်နယ်များတွင်လည်း အတူတူပင် ဖြစ်သည်။ ပြည်နယ်များတွင် ပြည်နယ်ကိုယ်စားပြုလူမျိုးတို့ပြုသမျှ မနုရလေအောင် ပြည်နယ်များ၏ အထက်လွှတ်တော်ကို ပြည်နယ်ရှိတိုင်းရင်းသားအမတ်များ ဦးရေတူ ထားရှိသင့်သည်သာ ဖြစ်သည်။ သို့မှသာ ပြည်နယ်တွင်းရှိ လူမျိုးစုများအတွက် တန်းတူရေး ရှိနိုင်မည်ဖြစ်သည်။

တရားသော ဥပဒေများကို ပြဌာန်းနိုင်ခဲ့လျှင်

ယင်းဥပဒေအတိုင်း ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရများက အုပ်ချုပ်ကြလျှင်

ယင်းဥပဒေအတိုင်း တရားသူကြီးများက စီရင်ဆုံးဖြတ်ကြလျှင်

တရားဥပဒေစိုးမိုးမှု ရှိပြီး သာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။