Sunday, January 25, 2009

မသိခေါက်ခက် အ၀င်နက်

မသိခေါက်ခက် အ၀င်နက်

နိုင်ငံရေးမှာ စီးပွားရေးသမားတွေ ၀င်လာပြီဆိုယင် မကောင်းတော့ဘူး။ စီးပွားရေးသမားတို့မှာ နည်းလမ်းနှစ်မျိုးပဲ သုံးမယ်။ ဈေးနှိမ်ခြင်းနဲ့ ဈေးမြှင့်တင်ခြင်းပါ။ နိုင်ငံရေးမှာ ပိုက်ဆံပေးပြီး အပေးအယူလုပ်လို့ရလောက်အောင် အပေါစားမဆန်ဘူး။ နိုင်ငံရေးကို ဈေးကစားသလို မကစားသင့်ပါ။

ပျော့ပျောင်းမူဝါဒနဲ့ အညံ့ခံမူဝါဒ မတူညီပါ။ နိုင်ငံရေးတက်သစ်စတို့ သတိမူကြပါ။ အာဏာရှင်တို့အကြိုက် လူမိုက် မလုပ်ကြပါနဲ့။ သံသယရိုက်ချက်မှာ ရိုက်သူမှာလည်း တစ်ဝက်ပိုင်တယ်ဆိုတာ မမေ့ပါနဲ့။ သူ့အပြောသူ့အလုပ်ကို ကြည့်ရုံနဲ့ သူ့သဘောကို သိနိုင်ပါတယ်။

စစ်ရေးမှာ အပျော်တမ်းတပ်ဖွဲ့ ရှိပါတယ်။ နိုင်ငံရေးကို အပျော်တမ်း ၀င်မလုပ်ပါနဲ့။ ဘောပွဲတစ်ပွဲလောက်တောင် ပျော်စရာမကောင်းပါ။ လမ်းဆုံလို့ ကြုံရာမှာ ဂွင်ဖမ်းချင်တယ်ဆိုယင် နိုင်ငံရေးဆိုတဲ့အရာဟာ အကြံအဖန်လုပ်လို့ သိပ်မကောင်းတဲ့နေရာတစ်ခုပဲ။

စစ်အစိုးရဆိုတာ ချိုနဲ့လား ဘာမှန်းမသိဘဲနဲ့ ဒေါ်လာတစ်ထောင်နှစ်ထောင်လောက်ရင်းပြီး အချိန်တိုအတွင်း စူပါစတားဖြစ်လာတဲ့ ပုဂ္ဂိုလ်အချို့ ဟိုလူက အကျင့်ပျက်နိုင်ငံရေးသမား၊ ဒီလူက ရန်သူသူလျှို လက်ညှိုးထိုးနေလေရဲ့။ တော်လှန်ရေးဆိုတာ ရေရှည်သွားရကောင်းမှန်းလည်း နားမလည်ဘဲနဲ့ မဲမဲမြင်တိုင်း ပစ်ခိုင်းနေကြသတဲ့။

နှစ်ပေါင်း (၅၀) ကြာညောင်း အချိန်တွေ နှောင်းခဲ့ပြီ။ အောင်ပွဲနဲ့ဝေး တဖြေးဖြေးလုံးပါးနေပြီတဲ့။ နိဗ္ဗာန်ခရီးကို အတူနှင်ရင်း သံဃာတွေ ဂိုဏ်းများကွဲကုန်သလို အမျိုးသားလွတ်မြောက်ရေးခရီးမှာလည်း သံသယတောနက်ကြီးမှာ အသက်သွေးပေါင်းများစွာ ကျခဲ့ရပြီ။ နှစ်ပေါင်း (၅၀)ရပ်တည်နိုင်တာကို တို့တတွေ ဂုဏ်ယူသင့်လျက် အပြစ်ပဲတင်လေရော့သလား။

ဖခင်ခေါင်းမှာရှိတဲ့ယင်ကောင်ကို ပုဆိန်နဲ့ပေါက်တဲ့သားငယ်လို သတ္တိကြောင်ပြီး အတွေး မခေါင်ကြပါနဲ့။ တော်လှန်ရေးခေါင်းဆောင်တွေကို ဘယ်သူမှ မလှန်ရဲဘူး၊ ကျုပ်ပဲ ဝေဖန်ရဲတယ်၊ ကျုပ်က လူကြီးဆိုတာလည်း နားမလည်ဘူး၊ ပညာတတ်ဆိုတာလည်း မမှုဘူး၊ ကျုပ်က အမှန်ကိုပဲ ပြောတယ်တဲ့။ ကိုင်း…အမှန်တရားကို ဘယ်သူက မှတ်ကျောက်တင်မလဲ။ အလာကောင်းပေမယ့် အနှောင်းမသေချာတဲ့လူတွေလည်း အများကြီးပါ… သူငယ်ချင်း။ လူတစ်ယောက်ကို မင်းသစ္စာမဲ့ယင် လူအများကြီးလည်း မင်းကို မယုံတော့ဘူးဆိုတာ သိပါ။

ထင်ပေါ်တဲ့လူတွေကို တိုက်ခိုက်ပြီး စတန့်ထွင်တဲ့နည်းက ခေတ်ကုန်နေပြီ။ တကယ်လို့ တစ်နေရာရာမှာ ဒီနည်းကို သုံးလို့ရသေးတယ်ဆိုယင် အဲဒီနေရာဟာ ၂၁ ရာစုမှာ ရှိတဲ့နေရာတစ်ခု မဟုတ်ဘဲ ဟို…၂၀ ရာစုခေတ်ဦးမှာ ကျန်နေရစ်တဲ့ လူမှုဝန်းကျင်တစ်ခုပေါ့။ ၂၁ ရာစုမှာ ဖြီးတိုင်း မယုံတော့ဘူး ကိုယ့်လူ။

အလားအလာကောင်းတဲ့လူကို မဟုတ်မမှန်သတင်းတွေ ဖြန့်ပြီး ဘ၀ဖျက်ခြင်းဟာ အချင်းချင်းလုပ်ရမယ့်အလုပ်တွေ မဟုတ်ဘူး။ ရန်သူတို့ မချွတ်ပြုရမယ့်ညစ်ညမ်းအလုပ်တစ်ခုသာ ဖြစ်တယ်။ ရန်သူအတွက် ပြတင်းပေါက် ဟပေးခြင်းသာ ဖြစ်တယ်။ သူခိုးကို ဓားရိုးကမ်းခြင်းသာ ဖြစ်တယ်။ အာဏာရှင်ကို မုန်းတယ်ဆိုယင် အာဏာရှင်ကို မမွေးမိစေနဲ့။ ရန်သူကို မုန်းတယ်ဆိုယင် ရန်သူ့အကျင့်ကို မကျင့်ပါနဲ့။

တော်လှန်ရေးဆိုတာ သွေးဆာလို့ လုပ်တာ မဟုတ်ဘူး။ မြင့်မြတ်တဲ့အလုပ်တစ်ခု ဖြစ်တယ်။ တော်လှန်ရေးအမွေဆိုတာ မုန်းတီရေး မဟုတ်ဘူး။ ချစ်ကြည်ရေး ဖြစ်တယ်။ နားလည်မှု၊ ချစ်ကြည်မှု အားနည်းလို့ပဲ ဒီခရီး ဒီမျှကြာနေရတာပေါ့။ မသိခေါက်ခက် အ၀င်နက်ပြီး လူဖျက်မလုပ်ပါနဲ့။ အမှန်နဲ့အမှားကို ငြင်းနေချိန်မှာ ရှေ့ဆက်သွားပါ။ ကြောင်ပြီး နားစွင့်တဲ့သမင်ငယ် မုဆိုးရဲ့သားကောင်ပဲ။

No comments: