Tuesday, July 10, 2012

ကိုယ်ပိုင်ပြဌာန်းခွင့် ရချင်လျှင် (Equality, Majority Rule and Personal Autonomy)

mostsaing
(၃၈)ဖြာမင်္ဂလာတွင် နေရေးနှင့်ပတ်သက်၍ မင်္ဂလာ(၃)ပါး ရှိသည်။ သင့်တင့်သည့်အရပ်မှာ နေခြင်း၊ ပြုဖူးသည့် ကုသိုလ်ကံ ရှိခြင်း၊ ကိုယ်နှုတ်ကို ဆောက်တည်ခြင်းတို့ ဖြစ်သည်။ ကိုယ်နှုတ် ဆောက်တည်ခြင်းကို အတ္တသမ္မာပဏိဓိ ဟု ပါဠိက ဆိုသည်။ အောင်မြင်မှုသည် ကိုယ်နှုတ်ဆောက်တည်မှုနှင့် ဆိုင်သည်။ ဤနေရာတွင် ကိုယ်နှုတ်ဆောက်တည်မှုကို အင်္ဂလိပ်ဘာသာဖြင့် Personal Autonomy ဟု သုံးချင်သည်။

မည်သည့်ပြည်ထောင်စုနိုင်ငံ၊ မည်သည့်ဒီမိုကရေစီနိုင်ငံတွင်ဖြစ်စေ Personal Autonomy မရှိလျှင် အောင်မြင်ဖွယ်ရာ မရှိ။ အရင်းဆုံး မေးရလျှင် ဒီမိုကရေစီကို မည်သည့်အတွက်ကြောင့် လိုချင်ရသနည်း။ လွတ်လပ်မှု (Freedom)ကို တောင့်တ၍ ဖြစ်သည်။ လွတ်လပ်မှုဆိုသည်မှာလည်း Majority Rule ကို ကိုယ်စားပြုသည့် ယေဘုယျလွတ်လပ်မှု (General Freedom)နှင့် တန်းတူရေးကို ကိုယ်စားပြုသည့် ကိုယ်ပိုင်ပြဌာန်းခွင့် (Freedom of Self-determination) ဟူ၍ နှစ်မျိုးရှိသည်။ မည်သည့်လွတ်လပ်မှု (Freedom)ကိုမဆို မိမိကိုယ်ကို ထိန်းကျောင်းမှု (Moral Autonomy) မရှိလျှင် မရနိုင်ပေ။ မိမိကိုယ်ကို ထိန်းကျောင်းတတ်ဖို့ ကိုယ်နှုတ်ကို ဆောက်တည်ခြင်း (Personal Autonomy) လိုပြန်သည်။

မွေးရာပါအခွင့်အရေး (Intrinsic Rights) ကို တောင်းဆိုသည်ဟု ဆိုရာဝယ် မည်သူ့ဆီကို တောင်းဆိုသနည်း။ မွေးရာပါဆိုကတည်းက ထိုအခွင့်အရေး မိမိတွင် ရှိပြီသားဖြစ်သည်။ ထိုအခွင့်အရေးကို အာဏာရှိသူတို့ သိမ်းယူ၍ မရ။ မိမိက လက်လျှော့၍ ပေးအပ်မှသာလျှင် သူတို့က အလွဲသုံးစားပြုနိုင်ခြင်း ဖြစ်သည်။ ထိုမွေးရာပါအခွင့်အရေးကို သူတို့ဆီက တောင်းယူရန် မလို။ သူတို့ကလည်း မိမိတို့ကို ပေးစရာမရှိ။ သို့သော် လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဤသဘောတရားနှင့် ဖီလာဆန့်ကျင်နေသည်။ အစိုးရက အကြွင်းမဲ့အာဏာပိုင်ဖြစ်၍ သူတို့ပေးမှ ရမည့်အသွင် ဆောင်နေသည်။

စာရိတ္တသီလဟု ဆိုအပ်သည့် Moral Autonomy အားကောင်းလျှင် အစိုးရဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ ပြည်သူပြည်သားများက ဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံတတ်ကြရာ ဥပဒေစိုးမိုးရေးအတွက် အလွန်တရာ ကျေးဇူးပြုသည်။ ဥပဒေစိုးမိုးမှု ရှိမှသာ အထက်ဖော်ပြပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်သည်။ Majority Rule နှင့် Equality တို့ကို မပေးချင်သည့် အာဏာရှင်များက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေခြင်းမှာ Moral Autonomy ပျက်စီးအောင် လုပ်ခြင်းဖြစ်သည်။ ဥပဒေစိုးမိုးမှု မရှိမှသာလျှင် အာဏာကို ရေရှည်ဆုပ်ကိုင်ထား၍ ရသောကြောင့် ဖြစ်သည်။

Moral and Personal Autonomy မရှိလျှင် အဓိကရုဏ်းလည်း ဖြစ်တတ်သည်။ အဓိကရုဏ်းဆိုသည်မှာ ပါသက်စကားလုံး ဖြစ်သည်။ Overdoing, Over-reaction, Riot စသည်ဖြင့် ပြန်နိုင်ပါသည်။ လိုအပ်သည်ထက် တုန့်ပြန်မှုကို အဓိကရုဏ်းဟု ဆိုနိုင်သည်။ ဥပဒေအရ မဟုတ်ဘဲ မိမိသဘောအရ ထင်ရာစိုင်းပြုမူခြင်းကို အဓိကရုဏ်းဟု ဆိုရသည်။ အာဏာရှင်တို့သည် ပြည်သူတို့၏ ရင့်ကျက်မှု၊ ဆောက်တည်မှု၊ ထိန်းကျောင်းမှုအားကို အဓိကရုဏ်းဖြင့် သွေးတိုးစမ်းလေ့ ရှိကြသည်။ Moral Autonomy မရှိ၍ Personal Autonomy မရှိ၊ Personal Autonomy မရှိ၍ Rule of laws မရှိ၊ Rule of the laws မရှိ၍ Freedom ဆုံးရှုံးရသည်။

အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုသော ပြည်ထောင်စုဝင်ပြည်နယ်သားများသည် မိမိကိုယ်ကို မိမိဘာသာထိန်းကျောင်းနိုင်မှု Moral Autonomy ရှိရန် အလွန်လိုအပ်သည်။ မိမိကိုယ်ကို ထိန်းကျောင်းတတ်မှသာလျှင် မိမိကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သို့မှသာ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) နှင့် တန်သည်။ အစိုးရသည် ဤအချက်ကို ကိုင်၍ ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုချက်များကို လျစ်လျူရှုတတ်သည်။ အဘယ်ကြောင့်ဆိုသော် self-determination ဟု ဆိုရာဝယ် အများနှင့်ဆိုင်သည့် ပြဌာန်းခွင့် ဖြစ်သည်။ မိမိကိုယ်ကို မထိန်းကျောင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြည်နယ်များသည် ပြည်ထောင်စုကို တာဝန်ခံရာ၌ များစွာ ခက်ခဲစေမည်ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကိုလည်းကောင်း၊ မိမိပြည်နယ်၏ အကျိုးစီးပွားကိုလည်းကောင်း၊ ပြည်ထောင်စု၏ အကျိုးစီးပွားကိုလည်းကောင်း ကာကွယ်တတ်ရန်၊ ကြီးပွားစေရန် လွန်စွာ လိုအပ်လှ၏။

ထို့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနေသော ပြည်ထောင်စုဝင် ပြည်နယ်များသည် မိမိတို့လူမျိုးကို ပညာပေးခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်း၊ ဥပဒေစိုးမိုးအောင် ရဲတပ်ဖွဲ့အင်အားထားရှိခြင်း၊ အုပ်ချုပ်ရေးကို ကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို အစဉ်တစိုက် လုပ်သင့်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေသည်ဟုဆိုသော အစိုးရသည် အပစ်ရပ်တိုင်းရင်းသားများကို Moral Autonomy ရှိဖို့၊ Self-determination အတွက် အဆင်သင့်ဖြစ်ဖို့ အခြေခံအုပ်ချုပ်ရေးအဆောက်အဦးများကို ယခုကတည်းကပင် အကူအညီပေးသင့်ပြီဖြစ်သည်။ ဒါမှသာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို မှန်ကန်စွာ အကောင်အထည်ဖော်ရာ ရောက်သည်။

No comments: