Tuesday, November 20, 2007

မွန်အမျိုးသားရေးဝ၊ဒ ကျဆုံးလုနီးပြီလား

...

မွန်အမျိုးသားရေးဝါဒ ကျဆုံးလုနီးပြီးလား

အောက်တိုဘာလ(၂၄)ရက်နေ့တွင် ဂျော့ဂ်ျတက္ကသိုလ်မှ မစ္စတာစမစ်ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် အမေရိကရောက်မွန်တို့၏ အခြေအနေကို လေ့လာရန် အင်ဒီယားနားပြည်နယ်၊ ဖေါ့တ်ဝိန်းမြို့၊ မွန်ဗုဒ္ဓဘာသာကျောင်းသို့ ရောက်လာကြရာ မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(ဖေါ့တ်ဝိန်း)ဥက္ကဋ္ဌနိုင်သက်လွင်က လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲတွင် မစ္စတာစမစ်က မေးချင်ရာမေးဟု မေးခွင့်ပြုသဖြင့် စာရေးသူက မွန်ဘုရင့်နိုင်ငံတော်ကျရှုံးပြီးနောက် (၁၉)နှစ်အကြာတွင် အမေရိကာန်ပြည်ထောင်စု မွေးဖွားခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ယခုအခါ၌ တတိယကမ္ဘာတွင် အင်အားအကြီးဆုံးဖြစ်ကြောင်း၊ ထိုသို့ဖြစ်အောင် အမေရိကန်ပြည်ထောင်စုကို မည်သည့်အရာက ဆောင်ကျဉ်းပေးသည်ကို ပညာယူအတုခိုးလိုကြောင်း မေးမြန်းဖြစ်သည်။

မစ္စတာစမစ်နှင့်အဖွဲ့က အမေရိကန်ပြည်ထောင်စုတွင် ကောင်းမွန်မျှတသောတရားဥပဒေ၊ မတူကွဲပြားမှုကို လက်ခံနိုင်သော ပြည်သူများ၊ တည်မြဲသောအစိုးရနှင့် ဩဇာရှိသောဘုရားကျောင်းတို့က အမှားအယွင်းမရှိအောင် ကွပ်ကဲဆုံးဖြတ်နိုင်မှုကြောင့်ဟု ထင်မြင်ကြောင်း ဖြေကြားသည်။ မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ဖေါ့တ်ဝိန်း) အထွေထွေအတွင်းရေးမှုးနိုင်မိုက်ကယ်မွန်က သင့်တင့်မျှတသော အဖြေဖြစ်သည်ဟု မှတ်ချက်ပြုသည်။ စာရေးသူကား ပြီးပြည့်စုံသောအဖြေဟုသာ ပြောချင်သည်။

နိုင်ငံတစ်နိုင်ငံတွင် ကောင်းမွန်ပြီး မျှတသောတရားဥပဒေ ရှိရန် လိုအပ်သည်။ လူမှုရေးအသင်းအဖွဲ့များ အားကောင်းပြီး သာမန်ပြည်သူများအနေဖြင့် တစ်ဦးချင်းတန်ဖိုးကို နားလည်အသိအမှတ်ပြုရသည်။ အာဏာစက်ရှိသောအစိုးရအဖွဲ့အစည်းနှင့် ဓမ္မစက်ရှိသောဘာသာရေးအဖွဲ့အစည်းတို့၏ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကလည်း များစွာ လိုအပ်သည်။ အရေးကြီးပြီး အဖြေတွင် မပါဝင်သော အချက်တစ်ခုကား တရားရေးကို တည့်မတ်ပေးသော တရားသူကြီးချုပ်၏အခန်းကဏ္ဍ ဖြစ်သည်။

နှစ်ပေါင်း(၂၅၀)ကျော်သမိုင်းကို သမင်လည်ပြန်ကြည့်သော် မွန်အမျိုးသားတို့သမိုင်းကြောင်းသည် အကောင်းဘက်၌ မရှိ။ ဗမာနှင့်ထိုင်းတို့၏ စနစ်တကျ ဗိုလ်ကျစိုးမိုးရေးဥပဒေ၊ လူမှုရေးအသင်းအဖွဲ့များ၏ အနှိပ်ကွပ်ခံရမှု၊ အမြင်ချင်းမတူပြည်သူများကို အမြစ်ပြတ်ချေမှုန်းမှု၊ ဖောက်ပြန်သောအစိုးရအဖွဲ့နှင့် ကိုယ်ကျင့်တရားပျက်ပြားသော ဘာသာရေးအဖွဲ့အစည်းတို့၏ အလွဲသုံးစားပြုမှု၊ တရားသူကြီးများ၏ တရားလွန်ဘက်လိုက်ဆုံးဖြတ်မှုတို့ကြောင့် မွန်အမျိုးသားရေးဝါဒသည် မုန်တိုင်းကြားမှ မီးပွားပမာ၊ လှိုင်းဂယက်ကြားမှ ရေပွက်ပမာ ကျဆုံးလုနီးပါးအခြေသို့ ဆိုက်ရောက်ခဲ့ရသည်။ မွန်အချင်းချင်းမသင့်မြတ်မှု၊ ချောက်တွန်းမှု၊ တကိုယ်ကောင်းဆန်မှု၊ အခွင့်အရေးယူမှုတို့ကြောင့်လည်း မွန်အမျိုးသားတို့တွင် ဘုံရန်သူကို အံတုနိုင်သော၊ ခိုင်မာတောင့်တင်းသော အင်အားစုတစ်ရပ် မပေါ်ခဲ့။

မွန်အမျိုးသားတို့၏သမိုင်းကို လေ့လာလျှင် အချင်းချင်းမသင့်မြတ်မှုအသွင်သဏ္ဌာန်ကို အစဉ်တွေ့ရသည်။ မွန်တို့သည် အရှေ့တောင်အာရှတွင် အစဉ်အလာကြီးမားသူ၊ ယဉ်ကျေးမှုအရာတွင် အထက်တန်းကျသူ၊ မွန်ဟုဆိုသည့်အတိုင်း စိတ်ထားမွန်မြတ်သူဟု နှစ်ပေါင်းထောင်ချီ ကျော်ကြားခဲ့သည်။ ထိုကျော်ကြားမှုအားလုံးသည် (၁၁) ရာစုတွင် ခမာနှင့်ဗမာတို့၏လုယက်မှုကြောင့် ဒေ၀ါလီခံလိုက်ရသည်။ (၁၈)ရာစုတွင် ဗမာနှင့်ထိုင်းတို့၏ ပါးနပ်သော ခါးပိုက်နှိုက်ပညာကြောင့် ရှိသမျှ၊ စုသမျှ ပြာပုံဘ၀ ရောက်ရပြန်သည်။ မွန်တို့၏ လက်ရှိအခြေအနေသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က အခြေအနေနှင့် လုံးဝခြားနားသွားပါပြီ။

လွန်ခဲ့သော ဆယ်နှစ်က စာရေးသူ၏ မွေးရပ်ဌာနေတွင် နေ့ကလေးထိန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်ဖွင့်လှစ်ရန် မိမိ၏ အကြံပြုချက်ကို ရပ်ကွက်သံဃနာယကဥက္ကဋ္ဌက ပျက်ရယ်ပြုခဲ့သည်။ သို့သော် စစ်အစိုးရ၏ ဖိအားကြောင့် မိမိကို ကန့်ကွက်ခဲ့သော ထိုဆရာတော်ကပင် ဦးဆောင်ပြီး ဤနှစ်တွင် ကိုယ်ထူးကိုယ်ထမူလတန်းကြိုကျောင်းကို စတင်တည်ဆောက်တော့မည်ဟု သိရသည်။ ကွာခြားသည်မှာ မိမိတည်ဆောက်ရန် ရည်မှန်းထားသော ကျောင်းမှာ မွန်စာကို အဓိကသင်ကြားမည်ဖြစ်သော်လည်း ယခုတည်ဆောက်မည့်ကျောင်းမှာ မွန်စာကို သင်ကြားခွင့်ပြုမည်မဟုတ်ပေ။

ဤသည်မှာ မွန်တို့၏ သဘောသဘာဝတစ်ခုကို သတိထားမိသည်။ (၁၄)ရာစုတွင် ဗြတ္တဗသည် ဗညားဦးကို ပုန်ကန်ရန် မုတ္တမကို ချယ်လှယ်လိုသော စုခိုထိုင်းတို့၏ အကူအညီကို ရယူခဲ့ဖူးသည်။ မြောင်းမြစားသမိန်လောက်ဖြားသည် ဗညားနွဲ့ကို မရှိခိုးလို၊ အင်းဝဘုရင် မင်းကြီးစောစွာကဲကိုသာ ဦးတင်လိုသည်ဟု ဗဂိုးကို သိမ်းရန် မျက်စပစ်ခဲ့သည်။ သူ့စနက်ကြောင့် မွန်နှင့်မြန်မာ နှစ်ပေါင်း (၄၀)ကြာ စစ်ခင်းခဲ့ရသည်။

မွန်စစ်ဘုရင်ရာဇာဓိရာဇ်သည် အနာသည်းလာသောအခါ သူ့သားတွေကို စိတ်မချသဖြင့် သူမရှိတော့သည့်အချိန်တွင် ညီညီညွတ်ညွတ် ရှိကြရန် မှာကြားခဲ့သည်။ သူ့မှာကြားချက်ကို မည်သည့်သားကမျှ အလေးထားသည်ကို မတွေ့ရ။ ဗညားဓမ္မရာဇာ လုပ်ကြံခံရသည်။ ဗညားရံ(ပ)က ဗမာတွေနှင့် ဆက်ပြီး စစ်မတိုက်လိုသဖြင့် နှမတော် ရှင်စောပုကို အကျယ်ချုပ်သဘောဖြင့် အင်းဝဘုရင်ကျော်စွာဆီမှာ ထားရသည်။ ၀ါရီရူမင်းဆက်သည် အချင်းချင်းသတ်ဖြတ်လာကြရာ နောက်ဆုံး အင်းဝမှ ပြန်လွတ်လာသော ရှင်စောပုသာ ကျန်တော့သည်အထိ ဖြစ်သည်။ ရှင်စောပုသည် အသက်ငါးဆယ်ကျော်မှ မင်းဖြစ်သဖြင့် ဗညားထော(မင်းအို)ဟူ၍လည်းကောင်း၊ ဘာသာတရား၌ မွေ့လျှော်သူ ဖြစ်သဖြင့် ၀ိဟာရဒေ၀ီဟူ၍လည်းကောင်း၊ လောက(၃)ပါးကို လင်းဖြာစေသူ၊ မြင့်မြတ်သောဥပဒေဖြင့် သုံးလောကကို အုပ်ချုပ်နိုင်စွမ်းသူ၊ မင်းတကာတို့ထက်သာလွန်မြင့်မြတ်သူ၊ အတုမရှိဘုရင်မကြီးဟူ၍လည်းကောင်း ကျော်ကြားခဲ့သည်။ ရှင်စောပုသည် မွန်မြန်မာကရင်ချင်းဝတို့၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရပြီး နောင်နှစ်ပေါင်းတစ်ရာအထိ ရာမညတိုင်းငြိမ်းချမ်းသာယာဝပြောအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ရှင်စောပုကို ဆက်ခံသော ဓမ္မစေတီမင်းကြီးသည် မွန်မြန်မာချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ တောင်ငူနှင့်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်ပေးပြီး ကျန်ဒေသများကို ကုသိမတိုင်း၊ ဟံသာဝတီတိုင်း နှင့် မုတ္တိမတိုင်းဟူ၍ သတ်မှတ်ကာ တစ်တိုင်းလျှင် အုပ်ချုပ်ရေးဌာန (၃၂)ခုဖြင့် ရာမညတိုင်းကို ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံးကို တစ်ခုတည်းသောဥပဒေ၊ အလေးချိန်ဖြင့် အုပ်ချုပ်နိုင်အောင် ဓမ္မစေတီဖြတ်ထုံးကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ဤဥပဒေကို နောက်ပိုင်းတွင် လက်ရှိမြန်မာနိုင်ငံတစ်ဝန်းလုံး၊ လက်ရှိထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာသံနှင့်မဏိပူရအထိ ကျင့်သုံးခဲ့သည်ကို တွေ့ရသည်။ ဓမ္မစေတီမင်းကြီးသည် ရာမညတိုင်းကို လေးစားအောင် အင်းဝ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံများကို သံတမန်နည်းအရ စည်းရုံးနိုင်ခဲ့သည်။

မွန်မြန်မာချစ်ကြည်ရေးသည် ဗမာ့အမျိုးသားရေးဝါဒီနန္ဒဘုရင်လက်ထက်တွင် လုံးဝနီးပါး ပျက်စီးရသည်။ ထိုင်းကို စစ်ဆင်တိုက်ခိုက်ရန် စစ်သားစုဆောင်းရာတွင် ဘုန်းတော်ကြီးများကိုပါ လူထွက်စေသောအခါ မွန်နှင့်မြန်မာပဋိပက္ခကြီးထွားလာရသည်။ မွန်တို့သည် မိမိ၏အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ရမည့်အစား ဗဂိုးတွင် ကြွင်းကျန်ရစ်သောဗမာနှင့်ရှမ်းတို့ကို စည်းရုံးရင်း မနိုင်ဝန်ထမ်းခဲ့ရသည်။ (၁၈)ရာစုတွင် ရွှေဘိုမှ အစွန်းရောက်ဗမာ့အမျိုးသားရေးဝါဒီ ဦးအောင်ဇေယျက မွန်တို့ကို မျိုးဖြုတ်တိုက်ပွဲ ဆင်နွှဲပြီး ဗဂိုးနယ်တွင် လူသတ်ပွဲကျင်းပသောအခါကျမှ မွန်တို့သည် နှစ်ပေါင်းတစ်ရာကျော် မက်ခဲ့သော အိပ်မက်မှ လန့်နိုးလာကြသည်။ သို့သော် နောက်ကျခဲ့ပါပြီ။ နှစ်ပေါင်းနှစ်ရာကျော် အင်အားမွေးခဲ့သောဗမာနှင့်ထိုင်းတို့၏ ကျားကွက်ထဲ၌သာ အစားခံရင်း လုံးပါးပါးခဲ့ရသည်။

No comments: